DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလား နယ်စပ်ကုန်သွယ်မှု ကျဆင်းပြီး တရားမဝင် ပြုလုပ်နေရ
DVB
·
July 29, 2023
မြန်မာ-ဘင်္ဂလား နယ်စပ်ကုန်သွယ်မှု ကျဆင်းပြီး တရားမဝင် ပြုလုပ်နေရ
Donate to DVB

မြန်မာ-ဘင်္ဂလား နယ်စပ်ကုန်သွယ်မှုဟာ အခု ၉၀ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ရပြီး နယ်စပ်တရားမဝင်လမ်းကြောင်းတွေကနေ နှစ်နိုင်ငံ နယ်ခြားစောင့်တွေကို လာဘ်ပေးပြီး ကုန်သွယ်နေကြရတယ်လို့ နှစ်ဖက်နိုင်ငံကုန်သည်ကြီးတွေကပြောဆိုကြပါတယ်။

မြန်မာကုန်သည်ကြီးများအသင်း တာဝန်ရှိသူတယောက်က "ဘင်္ဂလားဘက်က ကုန်စည်ကန့်သတ်တာတွေကို ဒီနေ့အထိ ဖြေလျှော့ပေးတာ မရှိသေးဘူးလေ။ ဘင်္ဂလားဘက်က လိုအပ်တဲ့ကုန်စည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘဏ်တွေမှာ ဒေါ်လာနည်းပါးနေတာကိုအကြောင်းပြပြီး ကုန်စည်ကန့်သတ်ထားတော့ ကုန်သွယ်တာက တလထက် တလကျဆင်းလာခဲ့တယ်။ အခု ဇူလိုင်လမှာဆို ၉၅  ရာခိုင်နှုန်းလောက်အထိ ထိုးကျသွားတယ်လို့ပြောလို့ရတယ်။ တရားဝင်လမ်းက ကုန်တင်မပို့နိုင်တော့ တရားမဝင်နယ်စပ်လမ်းကြောင်းတွေ နှစ်ဖက်နယ်ခြားစောင့်တွေကို ငွေပုံပေးပြီး ကုန်တွေပို့နေကြရတယ်" လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ ၃ ရက် နေ့ငစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ AB Bank နဲ့ Sonali Bank တွေမှာ အမေရိကန်ဒေါ်လာနည်းပါးလာတာကို အကြောင်းပြပြီး ဘင်္ဂလားက မြန်မာဘက်ကို  ဒေါ်လာပေးချေတဲ့ bank draft လုပ်ငန်းတွေကို အကန့်အသတ်မဲ့ ရပ်တန့်ထားခဲ့တာပါ။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှိအစိုးရခွင့်ပြုထားတဲ့ ကုန်စည်တွေကိုပဲ မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းကနေ တင်ပို့နေကြရပါတယ်။

ဘင်္ဂလားဘက်က လိုအပ်တဲ့တခြား ကုန်စည်တွေကိုတော့ မြန်မာနယ်ခြားစောင့်တပ် BGF နဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ် BGB တို့ကို ငွေကြေးအများကြီးပေးပြီး တရားမဝင် ကုန်သွယ်နေကြရတယ်လို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။

မောင်တောဒေသခံ ကုန်သည်တယောက်က "ဘင်္ဂလားနိုင်ငံရဲ့ အလိုအပ်ဆုံး ကုန်စည်တွေကများတယ်။ ဥပမာ အလိုအပ်ဆုံးကုန်စည်တခုဖြစ်တဲ့ ကွမ်းသီးပေါ့ဗျာ။ နယ်စပ်ကုန်သွယ်ရေးက တရားဝင် ကုန်သွယ်ခွင့်မရတော့ တရားမဝင်တဲ့ လမ်းကြောင်းတွေကပဲ နှစ်ဖက် နယ်ခြားစောင့်တွေကို ငွေပေးပြီး သွားလာနေကြရတာ" လို့ ဆိုပါတယ်။

ကုန်စည်တွေကို တရားမဝင်လမ်းကြောင်းတွေကနေ တင်ပို့ရာမှာ မောင်တောဘက်မှာ ကျီးကန်းပြင်ဌာနချုပ်စစ်ဆေးရေးဂိတ်၊ ကြိမ်ချောင်း ၂၄ စစ်ဆေးရေးဂိတ်၊ ခမောင်းဆိပ် ဗျူဟာစစ်ဆေးရေးဂိတ်၊ အောင်သပြေစစ်ဆေးရေးဂိတ်၊ ကြောင်နဘေစစ်ဆေးရေးဂိတ်နဲ့ ဗန္ဓုလစစ်ဆေးရေးဂိတ်တို့အပြင် ဘူးသီးတောင်ဘက်က ခထီလ၊ မန်ဇီ နယ်ခြားစောင့်ဂိတ်တွေကို ငွေပေးမှ သွားလာလို့ရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ကုန်သည်တယောက်က "မြန်မာဘက်ကကုန်သည်က မြန်မာဘက်က နယ်ခြားစောင့်တွေကို ငွေပေးရတယ်။ ဗန္ဓုလကို ကုန်စည်တွေလာဝယ်တဲ့ ဘင်္ဂလားနိုင်ငံသားတွေကလည်း ဘင်္ဂလားဘက်က နယ်ခြားစောင့်စခန်း ၁၀ ကျော်လောက်ကို ငွေပေးရတယ်လို့သိရတယ်" လို့ဆိုပါတယ်။

ပြည်ပစျေးကွက် အဝယ်မရှိတာကြောင့် မြန်မာကွမ်းသီးစျေးနှုန်း ကျဆင်းခဲ့ရပြီး ပြည်တွင်းကထွက်တဲ့ ကွမ်းသီးဟောင်းတွေကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်​ငံတွေကို မတင်ပို့နိုင်တဲ့အပြင် ကွမ်းသီးအသစ်တွေပေါ်လာ​တာကြောင့် ကွမ်းသီးစျေးနှုန်း ကျဆင်းသွားခဲ့ရပြီး တောင်သူတွေနဲ့ ကုန်သည်တွေ အရှုံးတွေ့နေကြရတယ်လို့လည်း စီးပွားရေးသတင်းတွေအရ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013