
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေမှာ အထောက်အထားမဲ့ လုပ်သားတွေနဲ့ နိုင်ငံခြားသားတွေ လုပ်ကိုင်တဲ့ ထိုင်းအမည်ခံ လုပ်ငန်းတွေကို စီမံချက်နဲ့ လိုက်လံစစ်ဆေး ဖမ်းဆီးနေတာမှာ Work Permit မစုံတဲ့ မြန်မာလုပ်သားတွေလည်း ဖမ်းဆီးခံနေရပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ပင်လယ်ကမ်းခြေမြို့ ဖူးခက်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ Nominee (အမည်ခံ) လုပ်ငန်းတွေကို ဖော်ထုတ်အရေးယူဖို့ ထိုင်းအာဏာပိုင်တွေက “X Ray” စစ်ဆင်ရေးနဲ့ ဇွန်လ နောက်ဆုံးပတ်မှာ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။
ထိုင်းအာဏာပိုင်တွေက နာမည်ကြီး Malin ပလာဇာ၊ SB ညဈေးနဲ့ Patong ကမ်းခြေတွေမှာ အဓိက ဖြန့်ကြက်စစ်ဆေးခဲ့ကြပြီး အထူးသဖြင့် ထိုင်းလူမျိုးအမည်ခံ နိုင်ငံခြားသားပိုင်လုပ်ငန်းတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစုနေထိုင်ရာ ရပ်ကွက်၊ ဈေးဆိုင်၊ အလုပ်ရုံတွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဖူးခက်က မြန်မာအလုပ်သမားတယောက်က “ထိုင်းသူဌေး အမည်ခံထားတဲ့ လုပ်ငန်းတွေ စစ်တယ်။ အများအားဖြင့် အိန္ဒိယတို့၊ တူရကီတို့၊ ဂျာမန်တို့၊ နောက်တခုက တိုင်တဲ့ဆိုင်တွေ စစ်တယ်။ သူတို့က အဓိက အဲဒါတွေစစ်တယ် ပြောပေမဲ့ ကိုယ့်မြန်မာတွေကိုလည်း ကြုံရင်ကြုံသလို စစ်တာပဲ။ တိုင်တဲ့နေရာလည်း စစ်တယ်။ အဓိက မြန်မာအများစုနေတဲ့ နေရာတွေ ပိုဆိုးတာပေါ့။ ပိုစစ်ခံရတာ။ အဲလိုပဲ ကွက်တိကွက်ကြား လိုက်စစ်နေတာ။ ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်၊ နောက် တချို့လူတွေက ပါမစ်ရိုက်တဲ့ လုပ်ငန်းစဉ်တွေအရ မပြီးသေးတာတွေ ရှိတယ်။ တချို့ဆို CI မရသေးဘူး။ တချို့က ဗီဇာ မထည့်ရသေးဘူး။ တချို့က ကတ်ပြား မထုတ်ရသေးဘူး။ တခုမဟုတ် တခု ငြိကြတာပေါ့။ စိုးရိမ်ရတယ်ဆိုတာ ဘယ်လိုလူတွေ စိုးရိမ်ရလဲဆိုရင် ကိုယ်တွေကတော့ အလုပ်နေရာ ထည့်မရဘူး။ အငှားသူဌေးနဲ့ဆိုတော့ အလုပ်နေရာ ထည့်မရဘူး။ ဧည့်စာရင်းတိုင်တဲ့ အချိန်မှာ ကိုယ်တွေနေတဲ့ အဆောင်ပိုင်ရှင်ရဲ့ အချက်အလက်တွေ မရတော့ ဖူးခက်ထဲမှာတော့ နေတယ်။ ဒါပေမဲ့ လိပ်စာမကိုက်ဘူး” လို့ ပြောပါတယ်။
ဖူးခက်ခရိုင် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံခြားသား ၂,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ဥပဒေ ချိုးဖောက်မှုပေါင်း ၃၉ မှု တွေ့ရှိထားတယ်လို့ သိရပါတယ်။
အများစုက Work Permit မရှိဘဲ အလုပ်လုပ်ကိုင်တာ၊ လဝက ဥပဒေ ချိုးဖောက်တာနဲ့ ထိုင်းလူမျိုးတွေကိုသာ လုပ်ခွင့်ပြုထားတဲ့ ကန့်သတ်အလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်တာတွေကို ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ပါတယ်။
လက်ရှိ ဖမ်းဆီးစစ်ဆေးမှုတွေမှာ Work Permit လုပ်ငန်းစဉ် မပြီးသေးတာ၊ အလုပ်နေရာ ပြောင်းထားပေမဲ့ Work Permit မှာ အလုပ်ရှင်အသစ် မပြောင်းရသေးတာ၊ ဧည့်စာရင်း မကိုက်ညီတာနဲ့ အထောက်အထား မပြည့်စုံတာတွေကြောင့် မြန်မာလုပ်သားတွေ အများဆုံး ဖမ်းဆီးခံနေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သုံးသပ်ပါတယ်။
AAC အဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ဧည့်စာရင်းမတိုင်တဲ့ ပြဿနာတွေ အများဆုံး တွေ့ရတယ်။ ဒီရက်ပိုင်း ဖမ်းဆီးခံရမှုတွေမှာဆိုရင် တောင်ပိုင်းလို နေရာမျိုးတွေမှာလည်း နိုင်ငံခြားသား အမည်ခံတွေ၊ ကုမ္ပဏီ နာမည်ခံတွေနဲ့ ပတ်သက်တာတွေ၊ ဖမ်းဆီးအရေးယူတာတွေ၊ ပိတ်သိမ်းတာတွေ အများကြီး ကြားရတယ်။ အဲဒီထဲကမှ ကျနော်တို့ လက်ရှိ ထိုင်းရောက် မြန်မာနိုင်ငံသား လုပ်သားတွေနေတဲ့ ရပ်ကွက်တွေ၊ အလုပ်လုပ်တဲ့ စက်ရုံ အလုပ်ရုံတွေ အဲဒီလို နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးမှုက ပိုများနေတယ်။ ကိုယ်ကတော့ အလုပ်လုပ်နေတယ်။ အထောက်အထားတော့ စုံတယ်။ အလုပ်သမားတွေက သေချာမသိဘူး။ စက်ရုံဘက်က သေချာ မပြောင်းပေးဘူး။ အလုပ်ရှင်ဟောင်းရဲ့ အထောက်အထားနဲ့ပဲ ဆက်လုပ်တယ်။ သူက ၁၅ ရက်အတွင်း ပြောင်းရမှာ။ စက်ရုံ အလုပ်ရုံတွေမှာ ဝင်စစ်ဆေးတဲ့အခါ Work permit နေရာ မတူတာတွေ ပိုပြီး ဖမ်းဆီးခံရမှု ပိုများတယ်။ နံပါတ် ၂ က အထောက်အထား မပြည့်စုံတာတွေ၊ နံပါတ် ၃ ကတော့ လုံးဝ အထောက်အထား မရှိတာတွေ အဲလိုအုပ်စုတွေက ဖမ်းဆီးခံရမှု များနေတယ်လို့ သုံးသပ်လို့ရတယ်” လို့ ပြောပါတယ်။
ဇွန် ၂၃ ရက်ကလည်း ဖူးခက်ခရိုင်၊ Chalong မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ အထောက်အထား မပြည့်စုံတဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာနိုင်ငံသား ၄ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီ ဇွန် ၂၃ ရက် တရက်တည်းမှာပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဆန်ကဖဲရပ်ကွက်မှာ အထည်ချုပ်အလုပ် လုပ်ကိုင်တဲ့ မြန်မာအမျိုးသမီး ၃ ယောက်ကို Work permit မတူညီလို့ ဖမ်းဆီးခဲ့သလို ဒွိုင်ဆူသပ် တောင်ပေါ်မှာလည်း ကန့်သတ်ထားတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာအမျိုးသမီး တယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံ နေရာအနှံ့မှာ မြန်မာလုပ်သားဦးရေ ၅ သန်းထက်မနည်း ရှိနေပြီး ၂၀၂၆ ခုနှစ်အတွင်း ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသားတွေကို ရက် ၁၀၀ စီမံချက်၊ ၃ လ စီမံချက်တို့နဲ့ နေရာအနှံ့မှာ တင်းတင်းကျပ်ကျပ် ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးနေတာ ဖြစ်ပါတယ်။











