DVB Logo
Home
မြန်မာသတင်း
အရာတော် ရပ်ကျေးပကဖစခန်း စီးနင်းခံရပြီး ၅ ဦး ကျဆုံး၊ ကလေးမြို့ စစ်ရှောင်စခန်းများတွင် ဆေးဝါး လိုအပ်နေ
DVB
·
July 27, 2023
အရာတော် ရပ်ကျေးပကဖစခန်း စီးနင်းခံရပြီး ၅ ဦး ကျဆုံး၊ ကလေးမြို့ စစ်ရှောင်စခန်းများတွင် ဆေးဝါး လိုအပ်နေ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာကို ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရပ်ကျေး ပကဖ ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ အရာတော် ပကဖခေါင်းဆောင်တွေဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ် စီးနင်းတဲ့ ရဲချင်းကျေးရွာဟာ အရာတော်မြို့နဲ့ ၅ မိုင်သာကွာဝေးတယ်လို့လည်း အရာတော်မြောက်ခြမ်း ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“စခန်းက ပြောင်းထားတာ။ သူတို့ စစ်ကြောင်းထိုးလာပြီ ဆိုကတည်းက ရဲဘော်တွေအကုန် စခန်းပြောင်းထားတော့ အထိအခိုက် မရှိခဲ့ဘူး။ သူတို့မရှိလောက်တော့ဘူး အထင်နဲ့ နောက်တခေါက် စခန်း‌ဟောင်းဘက် ပြန်ကြည့်တဲ့အချိန် (--)ကင်းပုန်းနဲ့တိုးပြီး အခုလို ကျဆုံးတာ” လို့ ပြောပါတယ်။

ကျဆုံးရဲဘော် ၅ ဦးအပြင် စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စခန်းတဲနှစ်လုံး၊ သေနတ်နှစ်လက်၊ ဆိုင်ကယ်တစီးနဲ့ ကားတစီး မီးလောင်ဆုံးရှုံးခဲ့‌တယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်အတွင်း အခုလို စစ်ကောင်စီ စစ်ကြောင်းထိုးတိုင်း မိုးထဲရေထဲ နေ့စဉ် နေရပ်စွန့်ခွာ ထွက်ပြေးရတာကြောင့် ပြည်သူတွေ ဖျားနာတာတွေလည်း ဖြစ်နေပြီး ဆေးဝါးပြတ်လပ်မှုတွေနဲ့ပါ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း စစ်ရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ကလေးငယ်တွေနဲ့ လူလတ်ပိုင်းအရွယ် ၇၀ ရာခိုင်နှုန်းလောက် ဖျားနာမှုတွေရှိနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကလေးနယ်က စစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်တာနဲ့အမျှ ဖျားနာမှုတွေ ထူပြောလာပြီး ပြီးခဲ့တဲ့ လပိုင်းကစတင်ဖျားနာလာပြီး အခုရက်ပိုင်းမှာတော့ ခပ်စိတ်စိတ် ပိုဖြစ်လာတာလို့ ဆိုပါတယ်။

ကလေးနယ်တောင်ပိုင်းကို စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဆေးဝါးဝယ်ယူဖို့ အခက်အခဲတွေရှိနေပြီး စစ်ဘေးရှောင်ဦးရေ ၇၀ ရာခိုင်နှုန်းလောက် ဖျားနာမှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ကလေးနယ်က စစ်ဘေးရှောင် ကိုတင်လင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ဘေးရှောင်တွေက တောတောင်တွေထဲမှာ နေထိုင်ရပြီး ခြင်အန္တရာယ်ကို ကာကွယ်ဖို့ ခြင်ထောင်တွေ လုံလောက်စွာမရှိတာနဲ့ သောက်သုံးရေ မသန့်ရှင်းမှုတွေကြောင့် ဖျားနာတာတွေ ပိုရှိနေတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေ ဖျားနာတဲ့ပုံစံက သွေးလွန်တုပ်ကွေးဖျားနာမှုပုံစံမျိုး သက်ရောက်နေပေမဲ့ တိကျတဲ့ စစ်ဆေးမှုမျိုး ပြုလုပ်နိုင်ဖို့အတွက် ဆေးဝါးကိရိယာတွေနဲ့ ဓာတ်ခွဲစက်တွေ မရှိတာကြောင့် ဖျားနာရောဂါလက္ခဏာ အခြေအနေကို သေချာမသိရှိရဘူးလို့ Mobile Medical Team အဖွဲ့မှာ ပါဝင်ဆောင်ရွက်နေတဲ့ ကလေးနည်းပညာတက္ကသိုလ်က CDM ဆရာမ ဒေါ်ရတီအုန်းက ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော်နေထိုင်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်‌တွေရဲ့ ဖျားနာမှုတွေကို ကလေး PDF က ဦးစီးပြီး CDM ဆရာဝန်တချို့နဲ့ တွဲဖွင့်ထားတဲ့ People Health Organization အဖွဲ့ကလည်း ဆေးဝါးကုသပေးမှုတွေ လုပ်ဆောင်နေတယ်လို့ ကိုသူရိန်ဇင်က ဒီဗွီဘီကို ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အဘက်ဘက်က ကျပ်တည်းမှုတွေ များပြားနေပြီး ကလေးနယ်မှာ စစ်ရှောင်ဦးရေတွေ တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေရှိနေကာ မိမိတို့အဖွဲ့တွေအနေနဲ့ ကြိုးစားရုန်းကန်နေရပြီး ပြည်သူလူထုဆီက အားပေးကူညီမှုတွေကို မျှော်လင့်မိနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013