
တရုတ်အစိုးရဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကို ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် ဝါရင့်သံတမန် ဝမ်ယိကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုးမယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က ဇူလိုင် ၂၅ ရက်မှာ သတင်းထုတ်ပါတယ်။
ချင်ဂန်းကို ဘာလို့ရာထူးကနေဖယ်ရှားခဲ့တယ် ဆိုတာကို တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြမထားဘဲ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတုံ့ပြန်သေးပါဘူး။
အခုလို အစားထိုးခန့်အပ်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့တာလို့ CCTV က သတင်းမှာ ဖော်ပြပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ လက်ထောက်ဟောင်းနဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ တရုတ် အထူးသံတမန်ဟောင်းအသက် ၅၇ နှစ်အရွယ် ချင်ဂန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဇွန် ၂၅ ရက် ကတည်းက လူမြင်ကွင်းကနေ ပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း ပါဝင်တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
၆၉ နှစ်အရွယ် ဝါရင့်သံတမန်လည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဝမ်ယိဟာ ၂၀၁၃ ကနေ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူခဲ့ဖူးသူ ဖြစ်ပါတယ်။
Source - Reuters










