
ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် တောင်ကိုရီးယား အမျိုးသားဘောလုံးအသင်း နည်းပြဟောင်း ဟောင်မြောင်ဘိုက ဇူလိုင် ၃၀ ရက် လွှတ်တော်ကြားနာပွဲမှာ ပြည်သူတွေကို တောင်းပန်လိုက်ပြီး လေးလေးနက်နက် တာဝန်ယူကြောင်းပြောပါတယ်။
ဒါပေမဲ့ သူ နည်းပြအဖြစ် ခန့်အပ်ခံရချိန်တုန်းက အခွင့်ထူးခံ သက်ညှာမှုတွေ ရခဲ့တယ် ဆိုတာကိုတော့ ငြင်းဆိုခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့်ကနေ ထွက်လိုက်ရပြီးနောက်မှာတော့ သမ္မတကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့သလို နည်းပြ ဟောင်မြောင်ဘိုလည်း နုတ်ထွက်ခဲ့ရပြီး ပရိသတ်တွေကလည်း တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ် (KFA) ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဟောင်မြောင်ဘို အနေနဲ့ နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ လုပ်ငန်းစဉ်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ စွပ်စွဲချက်တွေကြောင့် လွှတ်တော်အမတ်တွေရဲ့ မေးမြန်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရတာပါ။
ကြားနာပွဲမှာ လွှတ်တော်အမတ် ဘယ်ဟျွန်းဂျင်က "ဒါဟာ ပုံမှန်မဟုတ်တဲ့ လုပ်ငန်းစဉ်ဆိုတာ လူတိုင်းသိနေတာ ဖြစ်ပြီးတော့ နည်းပြခန့်အပ်ခံရပြီးနောက်ပိုင်းမှာ ဘာအင်တာဗျူး ဒါမှမဟုတ် သတင်းစာရှင်းလင်းပွဲမှ မလုပ်ခဲ့ဘူး" လို့ ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဟောင်မြောင်ဘိုကတော့ အမျိုးသားအသင်း နည်းပြသစ် ရွေးချယ်ရေး ကော်မတီက သူ့ကို လာရောက်ကမ်းလှမ်းခဲ့ချိန်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တာလို့ ယုံကြည်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
တောင်ကိုရီးယား ပြည်သူတွေရဲ့ ဒေါသဟာ ကမ္ဘာ့ဖလား ပွဲစဉ် ၃ ပွဲထက် ပိုပြီး ပြင်းထန်နက်ရှိုင်းနေတာ ဖြစ်ပါတယ်။
ဂျာမနီ တိုက်စစ်မှူးဟောင်း ယာဂန် ကလင်းစ်မန်းကို ၂၀၂၃ မှာ အမျိုးသားအသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး တနှစ်အကြာမှာ ထုတ်ပယ်ခဲ့တာ အပါအဝင် အဖွဲ့ချုပ်ရဲ့ စီမံခန့်ခွဲမှုတွေအပေါ် မကျေနပ်မှုတွေဟာ နှစ်ပေါင်းများစွာ စုပုံနေခဲ့တာပါ။
ကြားနာပွဲမှာ လွှတ်တော်အမတ် ဂင်မ်ဆုခ်ကီရဲ့ ဘေးနားမှာရှိတဲ့ KFA ဥက္ကဋ္ဌဟောင်း ဂျောင်းမုံးဂယူ ကလည်း အဖွဲ့ချုပ်အနေနဲ့ ပြည်သူနဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂျောင်းမုံးဂယူက "အဖွဲ့ချုပ်ကနေ ရာထူးက ထွက်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် အခုချိန်မှာ မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးကိုပဲ အာရုံစိုက် လုပ်ကိုင်သွားမှာဖြစ်ပြီး လူ့အဖွဲ့အစည်းကို အစွမ်းကုန် အကျိုးပြုနိုင်ဖို့ ကြိုးစားသွားမှာပါ" လို့ ဖြည့်စွက်ပြောပါတယ်။
Source: Reuters










