DVB Logo
Home
Lead Story
နာဠာဂီရိ ကြင်စိုး (သရော်စာ) 
DVB
·
July 26, 2023
နာဠာဂီရိ ကြင်စိုး (သရော်စာ) 
Donate to DVB

(က)

အဘစောမူးသာ လှမ်းခေါ်၍ ထွက်လာခဲ့၏။ ရေနွေးကြမ်းစကားဝိုင်းမှာ စိုပြည်နေပြီဖြစ်၏။ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ အဘစိမ်းမောင်နှင့် မျက်နှာစိမ်းအဘတဦးတို့ လတ်တလောသတင်းများကို ပြောဆိုသုံးသပ်နေကြပါလေ၏။

“အခု နစကဥက္ကဋ္ဌကြီးတည်တဲ့ ‘မာရဝိဇယ’ ထိုင်တော်မူရုပ်ပွားတော်က ကမ္ဘာမှာ အကြီးဆုံး၊ ‘ဉာဏ်တော်အမြင့်ဆုံး’ တဲ့ကွ”

“ဟေ . . ဟုတ်လား၊ ‘ကမ္ဘာ့ဂင်းနစ်စံတော်ချိန်’ အဖွဲ့ဝင်တွေ နေပြည်တော်ကိုရောက်လာပြီး တိုင်းတာသွားပြီလား စိမ်းမောင်ရ”

“အဲ . . . အဲဒါတော့ ငါလည်းမသိဘူး”

“မင်းကွာ . . .”

အဘစိမ်းမောင်မှာ ဘယ်လိုဆက်ရမည်မှန်း မသိတော့ပေ။ အဘစောမူးသာက ဆက်ပါလေ၏။

“‘ဘာသာရေး’ နဲ့ ‘နိုင်ငံရေး’ ကို မရောရဘူးကွ၊ သတ်သတ်စီ ကျင့်သုံးရတာမျိုးဟ”

“အင်း . . .”

“အဲသည် ကျောက်ဆစ်ရုပ်ပွားတော်ရှိတဲ့ မာရဝိဇယဗုဒ္ဓဥယျာဉ်အနီးက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် စုစုပေါင်း ၅၀၀ ကျော် အတင်းအကျပ် ဖယ်ရှားခံရတာကော မင်းသိလား စိမ်းမောင်”

“. . . . .”

“အခု မင်းပြောသလို ကမ္ဘာပေါ်မှာ ‘ဉာဏ်တော်အမြင့်ဆုံး’ ဆိုတဲ့ ရုပ်ပွားတော်ကြီးကို မြန်မာပြည် အာဏာသိမ်းဗိုလ်ချုပ်တွေထဲမှာ ‘ဉာဏ်ရည်အနိမ့်ဆုံး’ ပုဂ္ဂိုလ်က တည်ခဲ့တယ်ဆိုတာတော့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်မှာ ကျိန်းသေပဲ ဟ”

“အေးကွ . . . မူးသာပြောတာ အမှန်ပဲဟ၊ ပြည်သူလူထုသွေးတွေ စွန်းပေနေတဲ့လက်နဲ့ ဘုရားတည်တယ်ဆိုတာ တော်ရုံဉာဏ်ရည်နဲ့ မျက်နှာပြောင်တိုက်တာတော့ မဟုတ်ဘူး”

မျက်နှာစိမ်းအဘက ဤသို့ဝင်ပြောကာ ပြုံးနေပါလေ၏။ ခဏနေတော့ ထိုအဘနှင့် ဖေကြီးကို မိတ်ဆက်ပေးပါ၏။

“ဒါက လေရှီးက ဖေကြီး၊ ဟိုဘက်နှစ် နွေဦးကတည်းက ခဏဆိုပြီး အလည်ရောက်လာတာ၊ ခုထက်ထိ အိမ်ပြန်မရောက်သေးဘူး”

“ဟားဟား ဟားဟား ဟားဟား . . .”

“ဒါက ငါတို့ငယ်ပေါင်းပဲ၊ ဆိုးပေတဲ့၊ ပန်းချီဆရာ၊ ပန်းချီဆွဲတယ်၊ ဆိုင်းဘုတ်ရေးတယ်၊ မြို့ပေါ်မှာ ဆိုင်ခန်းဖွင့်ထားတယ်။ နွေဦးမှာ တော်လှန်ရေးဆိုင်းဘုတ်တွေ သူပဲ ဒိုင်ခံရေးပေးတာ၊ အခုလည်း ဖေကြီးလိုပဲ ရွာကိုအလည်လာတာ၊ ဘယ်လောက်ကြာမယ် မှန်းတော့ မသိသေးပါဘူးဗျား”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

မြို့ပေါ်မှာ အရင် လက်စလက်နရှိသူတွေကို မေးမြန်းပြီး လိုက်ရှာနေတယ်ဆိုတာကြောင့် သည်ဘက်ကို ခဏရှောင်လာတာဟု သိရပါလေ၏။

“ဆိုးပေ သူငယ်ချင်း . . . မင်းလည်း ဖေကြီးပြန်မှ ပြန်ပေါ့ကွာ”

“ဟားဟား ဟားဟား ဟားဟား . . . .”

(ခ)

အဘစိမ်းမောင်ထံမှ အခြားတခု ထွက်လာပြန်ပါလေ၏။ ဤကား အခြားမဟုတ်၊ သူတို့ဥက္ကဋ္ဌ မအလကြီးဟာ ‘မာရဝိဇယ’ ဆင်းတုတော်နဲ့အတူ အလွန်တရာ မည်းညစ်တော်မူလှသည့် ‘ရဠနန္ဒက’ ဆင်ဖြူတော်ကလေး တနှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ‘နှစ်သောင်းတန်’ ထုတ်မည့်အကြောင်းကို အာဘောင်အာရင်းသန်သန်ဖြင့် ‘လွှတ်’ ပြန်ပါလေ၏။

ကျန် အရွှင်အဘတွေကား ပြုံးစိ ပြုံးစိ။ ဒါကိုလည်း မရိပ်စားမိဘဲ စိမ်းသရဖူစိမ်း အဘမှာ ‘ဆင်ဖြူတော်ဇာတ်’ ခင်းပြန်ပါလေ၏။ မင်းကောင်းမင်းမြတ်တွေလက်ထက်မှ အဲသလို ဆင်ဖြူတော် ပေါ်တာဟု ‘ကလေးအတွေး’ နှင့် ထင်ရာ စွတ်ပြောနေပြန်ပါလေ၏။

“ဒီမှာစိမ်းမောင် . . . ဆရာကြီးဒေါက်တာသန်းထွန်းက အသေအချာကို ပြောခဲ့တာ ရှိတယ်ကွ... ‘ဆင်ဖြူတော်’ ဆိုတာ ‘အရေပြားရောဂါ’ ဖြစ်နေတဲ့ ဆင်တဲ့ကွ”

“ဟေ . . .”

“‘လူ’ လိုဆိုရင်တော့ ‘ခရုသင်း’ ပေါ့ကွာ။ ‘ခရုသင်းစွဲတော်မူနေသည့် ဆင်’ လို့ ဆိုရမှာပေါ့ကွ”

“အဲ . . . အင်း . . .”

“အခုလည်း ‘တဘောင်’ ထွက်နေပြီ၊ ‘ဆင်နဲ့စေတီ အခြေတည်ပြီး ပြည်ကြီးပျက်ကြောင်း ငွေနှစ်သောင်း’ တဲ့ဟ”

“ဘုရား  ဘုရား  ဘုရား”

အဘစိမ်းမောင်မှလွဲ၍ ကျန်အဘများ ‘တဟားဟား’ ပါ ခင်ဗျ။

“မင်းတို့ကိုးကွယ်တဲ့ ကြင်စိုး သာဝ မ အ လ ကြီးဟာ ‘အာဏာသိမ်းခြင်း’ ဆိုတဲ့ ‘မလုပ်ကောင်းတဲ့အလုပ်’ ကို ‘ဆင်ကန်းတောတိုး’ လုပ်ခဲ့သူကြီးလေ”

“အမှန်ပဲဟ”

“သူ့ယုတ်မာရက်စက်မှုတွေဟာ ‘လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား’ နေတော့ ကမ္ဘာ့နိုင်ငံတိုင်းက ထင်းထင်းကြီး မြင်နေပြီ”

“ဟုတ်လိုက်လေ”

“ဒါကို မအလက ‘ဆင်သေကို ဆိတ်ရေနဲ့ဖုံး’ ဖို့ ကြိုးစားနေတယ်လေ၊ မရတော့ဘူး”

“ကွက်တိပဲဟေ့”

“အေး . . . အမှန်ကတော့ ဒီ အယုတ်တမာကောင်ကြီးဟာ ရမလားလို့ ‘ဆင့်ခေါင်း ခွေးချီ’ လုပ်ကြည့်တာ၊ ဘယ်ရမလဲကွာ”

အဘစောမူးသာကား ‘မုဒ်’ ဝင်ကာ စကားလုံးတွေ စီကာစဉ်ကာ ထွက်ကျနေပါလေ၏ ခင်ဗျာ။ အဘလုံးတုံးနှင့် အဘဆိုးပေတို့ကလည်း ထောက်ထောက်ပေးကြလေရာ အဘစိမ်းမောင်မှာ ပါးစပ်ကြီး အဟောင်းသားဖြင့်။

“အခုနောက်ဆုံးမတော့ ဒင်းအဖြစ်က ‘ဆင်ပြောင်ကြီး အမြီးကျမှ တစ်’ ကိန်း ဆိုက်တော့မှာ အသေအချာပဲဟ”

“အဲသလို ‘တစ်’ ပြီး ‘လစ်’ ရမှာဟ”

“အေး . . . အခုတော့ NUG ၊ PDF တွေနဲ့ တိုင်းရင်းသားပေါင်းစုံ EAOs တပ်တွေရဲ့ ‘လမ်းအားလုံး နေပြည်တော်သို့’ ဆိုတဲ့ ‘မမများနဲ့ ပွဲကမယ်’ အစီအစဉ်ကြီးနဲ့ တိုးတဲ့အခါ မအလကြီး ‘ခေါင်းဆင်နင်း’ ပြီပေါ့ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

အဘစိမ်းမောင်ကား တိတ်ဆိတ်နေကာ သူ၏ဖုန်းစခရင်ကိုသာ စူးစူးစိုက်စိုက်ကြီး ကြည့်နေပါလေ၏။ အရွှင်အဘတွေက တဦးကိုတဦး ပြုံးစိစိကြည့်ကြကာ အဘစိမ်းမောင်ကို မေးဆတ်ပြပါ၏။

“အေးကွ စိမ်းမောင်ရ . . . မင်းပြောတဲ့ ‘နှစ်သောင်းတန်’ ဆိုတော့လည်း ကိုင်တော့ သုံးရအုံးမှာပေါ့ကွ၊ ရှောင်လို့မှမရတာ”

“အေးပေါ့ကွ . . . ကိုယ့်နိုင်ငံအစိုးရက ထုတ်တဲ့ပိုက်ဆံပဲ၊ ဘယ်လိုလုပ် မသုံးဘဲနေလို့ရမလဲ မူးသာရဲ့”

“အမှန်ပဲ စိမ်းမောင်ရ . . . ဒါနဲ့ မင်းဖုန်းထဲမှာ နမူနာပုံများ ပါလားကွာ၊ ငါတို့တွေ မမြင်ဘူးသေးတော့ ခေတ်နောက်ကျနေတာဟ”

“ဒီမှာလေကွာ . . ငါ အဲဒါကြည့်နေတာ”

အဘစောမူးသာက ဖုန်းကိုယူကာ အဘလုံးတုံး အဘဆိုးပေတို့နှင့်အတူ ကြည့်နေကြပါ၏။ အမှန်ကတော့ သူတို့အားလုံး လိုင်းပေါ်မှာ မြင်ပြီးသားပါ။ အဘစောမူးသာက ဖေကြီးအား မျက်စိမှိတ်ပြပါ၏။ ခဏနေတော့ စကား ‘တည်’ ပါလေတော့၏။

“ငါ့မျက်စိထဲမှာ တမျိုးပဲကွာ . . . . ပိုက်ဆံက ပိုက်ဆံနဲ့မတူဘဲ ‘ဇီးထုပ်’ တံဆိပ်လိုလို ‘ခြင်ဆေးခွေ’ တံဆိပ်လိုလို ဘာလိုလို မြင်မိတယ်၊ ဆင်ကလည်း တခုခု ‘လွဲ’ နေသလိုပဲဟ”

“ဒါဆိုလည်း ပန်းချီဆရာကို ရှင်းပြခိုင်းရင် မကောင်းဘူးလားဟ”

“အေး . . . လုပ်ပါဦး ဆိုးပေရ၊ ငါတို့ သာမန်လူတွေမျက်စိထဲမှာတောင် တမျိုးကြီးဖြစ်နေတာ၊ နင့်လို ပန်းချီဆရာရဲ့ မှတ်ချက်ကို စိတ်ဝင်စားတယ်”

အဘဆိုးပေက ‘အဟမ်း၊ အဟမ်း’ ဟု လည်ချောင်းရှင်းကာ ရေနွေးခွက်ကို မော့ချလိုက်ပါ၏။ ပြီးတော့ ဖုန်းထဲက နမူနာ နှစ်သောင်းတန်ကိုကြည့်ကာ ပြောပါ၏။

“အိမ်း . . . ဆင်ခြေထောက်တွေဟာ ‘perspective’ လို့ခေါ်တဲ့ ‘အနီးအဝေး’ တွေ အလွဲကြီး ‘လွဲ’ နေတယ်။ ခြေထောက်တွေဟာ အသက်မဝင်ဘဲ ‘သေ’ နေတယ်။ တကယ့်ဆင်နဲ့မတူဘဲ လူဝင်ကရတဲ့ ‘ကျောက်ဆည်ဆင်’ နဲ့တူနေတယ်”

“ဟေ . . . အဟုတ်ဟ”

“ဆင်ဟာ စိတ်တအားညစ်နေပြီး တုတ်တုတ်မှ ‘မလှုပ်ဝံ့ မရှားဝံ့’ ပုံစံ ပေါက်နေတယ်၊ အဲဒါ ဘာဖြစ်လို့လဲ သိလား”

“သိဘူးလေကွာ . . .”

“အေး . . ပန်းချီဒီဇိုင်းရဲ့ အခြေခံသဘောအရ ဆင်ဟာ ‘အပေါ်ဘောင်’ နဲ့ ‘အောက်ဘောင်’ လိုင်းကြားမှာညပ်ပြီး အသက်ရှူမဝတဲ့ရုပ် ပေါက်နေတာပေါ့ဗျား”

“ဟားဟား ဟားဟား ဟားဟား . . .”

“ပန်းချီဆရာရှင်းပြတော့မှပဲ ဒီပိုက်ဆံရဲ့ မတင့်တယ်ပုံကို နားလည်တော့တယ်”

“အေးကွ . . .”

စကားဝိုင်းကား အဆုံးသတ်ခဲ့လေပြီ။ အဘစိမ်းမောင်လည်း အခုမှပဲ အသက်ရှူချောင်သွားပုံ ရပါလေ၏ ခင်ဗျာ။ အဘဆိုးပေက ‘ဒီပိုက်ဆံဒီဇိုင်းမှာ ‘လို’ နေတာလေးတွေ ထပ်ဖြည့်လိုက်ရင် အိုကေသွားမှာကွ” ဟု ပြောလေရာ အဘစိမ်းမောင်က အားရဝမ်းသာစွာဖြင့် “မင်းက ဘာတွေ ထပ်ဖြည့်ချင်လို့လဲ” ဟု မေးပါ၏။

“အဲသည် နှစ်သောင်းတန်ပေါ်က ဆင်ရဲ့ဘေးမှာ မအလနဲ့ သူ့သာဝကတွေ ပုဏ္ဏား ဝတ်စုံလေးတွေနဲ့ ဟိုစမ်း သည်စမ်း လုပ်နေကြပုံတွေများ ဖြည့်လိုက်ရရင် အဆင်ပြေမယ်ဗျား”

“ဝါး . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013