DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အယောက် ၂၀ သေဆုံးဟု NUG ထုတ်ပြန်
DVB
·
July 26, 2023
ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က အယောက် ၂၀ သေဆုံးဟု NUG ထုတ်ပြန်
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို CNA/CDF/PDF မဟာမိတ် ပူးပေါင်းတပ်တွေက စောင့်ကြို တိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုဘက်က အယောက် ၂၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်မနက်ပိုင်းမှာ ကန်ပက်လက်မြို့နယ်၊ မောချောင်းနဲ့ လှိုင်ဒုတ်ကြားမှာ စစ်ကောင်စီ တပ်မ (၈၈)၊ ခလရ (၃၀၄) ပူးပေါင်းအင်အား ၁၀၀ လောက်ပါဝင်တဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၆) နဲ့ CDF ကန်ပက်လက် ခေါနု တပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်သား ၄ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့ ညနေပိုင်းမှာပဲ  တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၀၁၊ ၃၁၇) ပူးပေါင်းတပ်အင်အား ၁၅၀ လောက် ပါဝင်တဲ့ စစ်ကြောင်းကို လဲပုံးလမ်းခွဲအနီးမှာ PDF အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း (၃) နဲ့ CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်တွေက ထပ်မံပြီးတော့ စောင့်ကြိုပစ်ခတ်ခဲ့ကြတာမှာတော့ စစ်အုပ်စုဘက်က ၁၀ ယောက် ထပ်မံသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်သား ၅ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက မကွေးတိုင်းအနောက်ခြမ်းဒေသနဲ့ ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ် နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013