DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသည့် မြန်မာပြည်သူ ၃၈၀၀ ကျော်အတွက် ဝမ်းနည်းကြောင်း ကန်သံရုံးထုတ်ပြန်
DVB
·
July 25, 2023
စစ်တပ်၏အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးရသည့် မြန်မာပြည်သူ ၃၈၀၀ ကျော်အတွက် ဝမ်းနည်းကြောင်း ကန်သံရုံးထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းပြီးချိန်ကတည်းက အာဏာရှင်အဖွဲ့အစည်းနဲ့ သူတို့ကျူးလွန်နေကြတဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှူံးခဲ့ကြရတဲ့ လူပေါင်း ၃,၈၀၀ ကျော်အတွက် မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောကရောက်ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်အာဏာရှင်က ဖမ်းဆီးကွပ်မျက်ခဲ့တဲ့ ၁ နှစ်ပြည့် မြောက်တဲ့နေ့မှာပဲ ခုလိုထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ကျင့်သုံးနိုင်ဖို့ စိတ်အားထက်သန်နေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေးထောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်တုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ အကြီးအကဲသစ် ဆူဆန်စတီဗင်ဆင်က စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူ တွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်က ရှေ့ ဆုံးက ပါဝင်နေတယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်  ဇူလိုင်လထဲမှာတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော် အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ယောက်ကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့တာပါ။

ကုလသမဂ္ဂကတော့ စစ်ကောင်စီရဲ့ လျှို့ဝှက်စစ်ခုံရုံးကနေ မြန်မာနိုင်ငံသားအမြောက်အမြားကို သေဒဏ်ချမှတ်နေတာကို ဆိုင်းငံ့ထားဖို့နဲ့  သေဒဏ်ပေး ကွပ်မျက်မှုအားလုံးကို ရပ်နားထားဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် အခုလပိုင်းတွေမှာလည်း အကျဉ်းထောင်တွင်းနဲ့ စစ်ကြောရေးတွေမှာ အာဏာလုစစ်အုပ်စုက ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပေါ် အရေးတကြီး စစ်ဆေးအရေးယူဖို့ လိုအပ် လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောထားပါတယ်။

အေအေပီပီက နောက်ဆုံးရရှိထားတဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၈၄၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၉၉၀ ယောက်ထိ ရှိလာခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံး သူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၆၀၃ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၉၂၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၂၂ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013