DVB Logo
Home
မြန်မာသတင်း
၂၀၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေမှုကြောင့် ဒေါ်လာဈေး၊ ရွှေဈေး ခုန်တက် 
DVB
·
July 24, 2023
၂၀၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေမှုကြောင့် ဒေါ်လာဈေး၊ ရွှေဈေး ခုန်တက် 
Donate to DVB

နေပြည်တော်မှာ ဘုရားတည်ပြီးစီးမှုနဲ့ ဆင် ၁ နှစ်ပြည့် မွေးနေ့ အမှတ်တရအဖြစ်နဲ့ နှစ်သောင်းတန်ငွေစက္ကူတွေကို ထုတ်ဝေမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာလိုက်ပြီးတဲ့နောက်မှာ ပြည်တွင်းမှာ ဈေးကွက်ကမောက်ကမဖြစ်ပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ခုန်တက်သွားပါတယ်။ 

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ နှစ်သောင်းတန် ငွေစက္ကူကို ထုတ်ဝေရာမှာ ငွေစက္ကူအဟောင်းနဲ့ အသစ် လဲလှယ်ထုတ်ဝေမှာဖြစ်လို့ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ငြင်းထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီကနေ့ နေ့လည်ပိုင်းမှာ ၁၆ပဲရည် ရွှေဈေးက တစ်ကျပ်သားကို ငွေကျပ် ၃၆၀၀၀၀၀ သိန်းဝန်းကျင်အထိ မြင့်တက်နေပြီး  ဈေးနှုန်းတည်ငြိမ်မှု မရှိတာကြောင့်  ရွှေဆိုင်အများစု အရောင်းပိတ်ထားကြတယ်လို့ သိရပါတယ်။

"အရောင်းတွေ ပိတ်ကြတယ်။ မရောင်းရဲကြဘူး။ ဝယ်တဲ့သူတွေ များလာတာ ရွှေဈေးက ၃၆သိန်းအထိ ဖြစ်သွားပါတယ်။ နည်းနည်းပါးပါးပဲ အလုပ်ဖြစ်ပါတယ်။ အရင်လို ဈေးကွက်ဖွင့်ပြီး ရောင်းတဲ့သူ မရှိဘူး။‌ ရောင်းချင်တဲ့သူနဲ့ ဝယ်ချင်တဲ့သူနဲ့ ညှိနှိုင်းပြီး ကြိုက်ရောင်း ကြိုက်ဝယ်ပဲ အလုပ်ဖြစ်တယ်။ ဈေးကွက်လည်း မရှိဘူး။ ပေါက်ဈေးလည်း မရှိပါဘူး"  လို့ ရန်ကုန်မြို့ က ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အလားတူ ငွေကြေးဈေးကွက်မှာလည်း အမေရိကန် တစ်ဒေါ်လာကို (ငွေလဲကောင်တာ ဝယ်ဈေး)  ငွေကျပ် ၃၃၀၀ ကနေ ၃၄၀၀ ကျပ်၊ ထိုင်းဘတ်စျေးက   ၉၉ ကျပ်အထိ ရောက်ရှိနေပါတယ်။

နိုင်ငံခြားငွေကြေး အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက “ကြောက်လန့်ပြီး ဝယ်လိုအား များလာတော့  စျေးကတက်လာတာ။  တချို့ကလည်း ဈေးဆွဲတင်ကြတာပေါ့။  ဈေးကတော့ မငြိမ်သေးဘူး။ ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံသွားနေကြတယ်။ တချို့လည်း အရောင်း ရပ်ထားကြတယ်” လို့  ပြောပါတယ်။

ငွေစက္ကူအသစ် ထုတ်ဝေမှုဟာ နိုင်ငံခြားငွေနဲ့ ရွှေဈေးနှုန်းအပြင် နောက်ဆက်တွဲအနေနဲ့  အိမ်ခြံမြေနဲ့ ကားဈေးကွက်အပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်သလို အဆိုးဆုံးက အခြေခံ ဝင်ငွေနည်း လူတန်းစားတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

“ရုတ်တရုတ်ကတော့ ကြေညာပြီးပြီးချင်းကို အကုန်လုံးဈေးတွေ တက်သွားတာပေါ့။ ကဏ္ဍအစုံမှာ။ ရောင်းမယ့်သူတွေကလည်း မရောင်းကြတော့ဘူး။ တချို့ကျ‌လည်း ဈေးတွေ ပိုခေါ်ကြတယ်။ ဒါပေမဲ့ နောက်တစ်ပတ်လောက် နေရင်တော့ အနေအထားတစ်ခုမှာ တည်ငြိမ်သွားမယ် ထင်ပါတယ်”လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုပါတယ်။

ဗဟိုဘဏ်ကတော့  ငွေစက္ကူအသစ် ထုတ်ဝေတာကို အကြောင်းပြုပြီး ကုန်စျေးနှုန်း မတည်ငြိမ်အောင် လှုံ့ဆော်သူ နိုင်ငံခြားငွေလဲနှုန်း မြင့်လာအောင် လုပ်ဆောင်သူတွေကို  ဖော်ထုတ်အရေးယူသွားမယ်လို့ သတိပေးချက် ထုတ်ထားပါတယ်။

“သူတို့ကတော့ ကြေညာချက်တွေ တောက်လျှောက် ထုတ်နေတာပေါ့နော်။ ဒါ အကန့်အသတ်နဲ့ပဲ ထုတ်မယ်။ ငွေဖောင်းပွမှု မဖြစ်ဘူး။ ဒါကို အကြောင်းပြုပြီး ဈေးဆွဲတင်သူတွေ၊ အရောင်းပိတ်တဲ့သူတွေကို အရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေတော့ တောက်လျှောက် ထုတ်နေပါတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ သိပ်ပြီးတော့  အယုံအကြည်မရှိကြတော့ ဈေးကတော့ ရုတ်တရုတ် ပြန်မကျသေးပါဘူး” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း စီးပွားရေး စောင့်ကြည့်သူတွေက စစ်အုပ်စုဟာ အစိုးရ အသုံးစရိတ် လိုအပ်ချက်ကြောင့် ငွေစက္ကူအသစ် ထုတ်ဝေတာ ဖြစ်နိုင်တယ်လို့  ကောက်ချက်ချကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  တိုင်းပြည်ရဲ့ ထုတ်ကုန် အပါအဝင်  စီးပွားရေးကဏ္ဍမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလာပြီး နိုင်ငံ ဝင်ငွေလျော့နည်း ကျဆင်းလာတာကြောင့် စစ်ကောင်စီဟာ  တန်ဖိုးမြင့်တဲ့ ငွေစက္ကူအသစ်ကို ထပ်မံရိုက်နှိပ် ထုတ်ဝေပြီး အကျပ်အတည်းကို ဖြေရှင်းတာ ဖြစ်နိုင်တယ်လို့ စီးပွားရေး လေ့လာစောင့်ကြည်သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ နှစ်သောင်းတန် ငွေစက္ကူအသစ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်ပြီး နေပြည်တော်မှာ တည်ထားတဲ့  “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ စစ်ခေါင်းဆောင်က  ဆင်ဖြူတော်လို့ သတ်မှတ်ထားတဲ့ ဆင်ပေါက်ကလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်နဲ့ ထုတ်ဝေတာဖြစ်တယ်လို့ လူထုကို အသိပေးထားပါတယ်။

ဒါ့အပြင် အကန့်အသတ်နဲ့ ငွေစက္ကူအသစ် ထုတ်ဝေတာ ဖြစ်လို့ ငွေကြေးဖောင်းပွမှုမဖြစ်ဘူးလို့ ငြင်းချက်ထုတ်ထားပေမယ့် တန်ဖိုးမြင့် ငွေစက္ကူအသစ် ရိုက်ထုတ်တာကလူနေမှု ဘဝတွေအပေါ် ရိုက်ခတ်မှု ကြီးနိုင်တာကြောင့် လူထုအကြား  စိုးရိမ်မှုကတော့ မြင့်တက်နေပါတယ်။

“ဒီကိစ္စက အစောကတည်းက ပြင်ဆင်ထားပြီး  အခွင့်သင့်တာနဲ့  ထုတ်လိုက်တဲ့ သဘောမျိုးပါ။ ကောလာဟလအဖြစ်  ပြောနေကြတာပေါ့ ‌ကြာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ခတ်မှု ဂယက်ကတော့ ကြီးနိုင်ပါတယ်” လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူ တစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၀၀ ကျပ်တန်နဲ့ ၅၀၀၀၀ ကျပ်တန် ငွေစက္ကူအသစ်တွေ ထုတ်ဝေမယ် ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းက ထွက်ပေါ်ခဲ့ဖူးပေမဲ့ စစ်ကောင်စီ ဗဟိုဘဏ်က ၂၀၂၁ ဒီဇင်ဘာလမှာ စာထုတ်ပြီး ငြင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013