DVB Logo
Home
နိုင်ငံတကာ
SpaceX ရှယ်ယာတစုလျှင် ၁၃၅ ဒေါ်လာ စျေးသတ်မှတ်ရောင်းချမည် 
DVB
·
June 6, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီက စတော့ဈေးကွက်ထဲဝင်မဲ့ အစီအစဉ် မတိုင်ခင် သူတို့ရဲ့  ရှယ်ယာဈေးနှုန်းအဆိုပြုချက်ကို အသိပေးထုတ်ပြန်လိုက်ပါတယ်။

IPO အဖြစ်သိထားတဲ့ အများပြည်သူအတွက် ရှယ်ယာရောင်းချမဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး SpaceX က ရှယ်ယာတစုကို ၁၃၅ ဒေါ်လာနဲ့ ရောင်းချသင့်ကြောင်း အကြံပြုပါတယ်။

အဲဒီနှုန်းအရဆိုရင် သမိုင်းတလျှောက် အကြီးမားဆုံး ရှယ်ယာရောင်းချမှု ဖြစ်လာနိုင်သလို SpaceX ကုမ္ပဏီတန်ကြေးဟာလည်း ဒေါ်လာ ၁ ဒသမ ၇၅ ထရီလီယံအထိ မြင့်တက်လာနိုင်ပါတယ်။ 

အခုလိုမျိုး ထုတ်ပြန်လိုက်တာကြောင့် SpaceX အဆိုပြုထားတဲ့ဈေးနဲ့တင် အရောင်းအဝယ် လုပ်ရမဲ့ သဘောတော့ မဟုတ်ပါဘူး။

နောက်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကို ဝယ်ယူသူတွေကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အလျောက် အကြံပြုထားတဲ့စျေးထက် ထပ်တက်သွားနိုင်သလို ကျလည်း ကျဆင်းနိုင်ပါတယ်။

လက်ရှိ အာကာသစူးစမ်းလေ့လာရေးဒုံးပျံတွေနဲ့ အခြေခံအဆောက်အအုံတွေပါ တည်ဆောက်နေ တဲ့ SpaceX က xAI နဲ့ Starlink ကုမ္ပဏီတွေကိုပါ ပိုင်ဆိုင်ထားပါတယ်။

အခုလိုမျိုး စတော့ဈေးကွက်ထဲ မဝင်ရောက်ခင် တပတ်ကျော် အချိန်စောပြီး ရှယ်ယာဈေးနှုန်း ထုတ်ပြန်တာမျိုးဟာ အတော်လေး ရှားပါးတယ်လို့ ဆိုရမှာပါ။

ပုံမှန်အားဖြင့် ဘယ်ဈေးနဲ့ရောင်းချင်တယ် ဆိုတာကို စျေးကွက်ထဲ မရောက်ခင် တရက်အလိုမှသာ ကုမ္ပဏီတွေဘက်က ကြေညာလေ့ရှိပါတယ်။

IPO အစီအစဉ်အရ SpaceX ဟာ ဒေါ်လာ ၇၅ ဘီလီယံ ရှာဖွေနိုင်ဖို့ ရည်မှန်းထားတဲ့အလျောက် စံချိန်တင် အမြင့်ဆုံးပမာဏ ဖြစ်လာနိုင်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဒေါ်လာ ၂၅ ဒသမ ၆ ဘီလီယံရရှိခဲ့တဲ့ ဆော်ဒီအာရမ်ကို ရေနံကုမ္ပဏီကြီးဟာ နောက်ဆုံး စံချိန်တင်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် SpaceX ရဲ့ မျှော်မှန်းစျေးအတိုင်း ရှယ်ယာတွေကို ရောင်းချနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးကုမ္ပဏီတွေထဲက တခုအဖြစ် ရပ်တည်နိုင်တော့မှာပါ။ 

ဒါ့အပြင် SpaceX ရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားတဲ့ မက်စ်ကလည်း အနှေးနဲ့ အမြန်ဆိုသလို ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာတော့မှာပါ။

၂၀၂၅ ခုနှစ်အတွင်း ဒေါ်လာ ၁၈ ဒသမ ၇ ဘီလီယံရရှိခဲ့တဲ့ SpaceX ရဲ့ စုစုပေါင်း ဘဏ္ဍာငွေဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ဒေါ်လာ ၄၇၄ ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ဂိုးလ်မန်း ဆာ့ခ်ျ ရင်းနှီးမြှုပ်နှံရေး ဘဏ်ကြီးအနေနဲ့ ခန့်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013