
ဘီလီယံနာသူဌေးကြီး အီလွန်မက်စ်ဟာ တွစ်တာလူမှုကွန်ရက်ရဲ့ လိုဂိုတံဆိပ်ကို အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ဇူလိုင် ၂၃ ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
"မကြာခင်မှာ တွစ်တာရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ငှက်ကလေးတွေ အားလုံးကို တဖြည်းဖြည်းချင်း နှုတ်ဆက်ရတော့မှာ ဖြစ်တယ်" ဆိုပြီး မက်စ်က သူရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့တာပါ။
ဒါ့အပြင် မက်စ် က " ဒီညမှာ အတော်ကောင်းမွန်တဲ့ အိတ်စ်(X) လိုဂိုတစ်ခုကိုသာ ပို့စ်တင်နိုင်ခဲ့မယ်ဆိုရင် မနက်ဖြန်မှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ တိုက်ရိုက်ထုတ်လွှင့်သွားမယ် " လို့ ဆိုပါတယ်။
"X" ပုံစံ ရုပ်ပုံတစ်ခုကို မက်စ်က ပို့စ်တင်ခဲ့တဲ့အပြင် အသံတိုက်ရိုက်ထုတ်လွှင့်နိုင်တဲ့ တွစ်တာ စပေ့စ်ကပါ " ဒီပြောင်းလဲမှုကို ဟိုးအရင်ကတည်းက လုပ်ခဲ့သင့်တာ" လို့ အဖြေပြန်ပေးပါတယ်။ "တွစ်တာလိုဂို ပြောင်းလဲသွားမှာလား" ဆိုတဲ့ အမေးကိုလည်း "ဒါပေါ့" ဆိုပြီး တုံ့ပြန်ခဲ့ပါသေးတးယ်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် မက်စ်ရဲ့ လက်ထက်မှာ ဒီကုမ္ပဏီရဲ့ စီးပွားရေးအမည်ကို အိတ်စ် ကော့ပ် (X Corp) လို့ ပြောင်းလဲခဲ့ပါတယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ ဝီချက်(WeChat) လိုမျိုး စူပါအက်ပ် (Super App) တစ်ခု ဖန်တီးချင်တဲ့ မက်စ်ရဲ့ မျှော်မှန်းချက်အပေါ် ထင်ဟပ်စေတယ်လို့လည်း ဆိုပါတယ်။
ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာ ကုမ္ပဏီဘက်က ချက်ချင်းတုံ့ပြန်မှု မရှိဘူးလို့ သိရပါတယ်။
ဒါပေမဲ့လည်း အပြာရောင် ငှက်ပုံစံနဲ့ သရုပ်ဖော်ထားတဲ့ လိုဂိုဟာ "တွစ်တာရဲ့ အမှတ်မိလွယ်ဆုံး ပြယုဂ်" ဖြစ်တာကြောင့် "ဒီအပေါ် မှာ အကာအကွယ်ပေးလိုကြတာဖြစ်တယ်" လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
Source-Reuters










