တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်ကောင်စီဩဇာခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက ဇူလိုင်လအတွင်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာက အသက် ၆၅ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးမြတ်စိုးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး တရားခံကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ အပ်နှံကာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်နေပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဇူလိုင် ၁၅ ရက်နေ့မှာလည်း ပုလောမြို့၊ အမှတ် ၂ရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းရဲ့ နေအိမ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ရဲ့ မူလရည်ရွယ်ချက်အတိုင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အစားထိုးဖို့ ပုလောမြို့နယ်မှာ ကြိုးစားလာတဲ့ ကျနော်တို့ရဲ့ ခြေလှမ်းပါ၊ အရင်ကလည်း အုပ်ချုပ်ရေးမှူးတွေကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်ပြီး ပူးပေါင်းနေလို့ အခုလို ဖမ်းဆီးအရေးယူရတာပါ။ နောက်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်လက် ဖမ်းဆီး အရေးယူမှာပါ”လို့ ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ၂၀၂၁ ခုနှစ်၊ မတ်လ ၁ရက်နေ့မှာ စစ်ကောင်စီကို အကြမ်းဖက်အုပ်စု အဖြစ်ကြေညာထားတဲ့အတွက် ပုလောမြို့နယ်ထဲမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းမပြုဘဲ နုတ်ထွက်ကြဖို့ မြိတ်ခရိုင် PDF က သတိပေးတိုက်တွန်းထားပါတယ်။
လိုက်နာဆောင် ရွက်ခြင်းမရှိပါက ဖမ်းဆီးအရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြင်းထန်စွာ သတိပေးထားပါတယ်။