DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှု ပိုများလာ
DVB
·
July 21, 2023
ရန်ကုန်တွင် ခိုးဆိုးလုနှိုက် ဒုစရိုက်မှု ပိုများလာ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ ညဘက် လုံခြုံရေး အားနည်းမှုတွေကြောင့် ခိုးဆိုးလုနှိုက် ဒုစရိုက်မှုတွေ ပိုများလာပြီး ရန်ကုန်မြို့ထဲနဲ့ မြို့စွန်တွေမှာ ညဘက်ရပ်ထားတဲ့ ကားတွေ ကားပစ္စည်း ဖြုတ်ယူခိုးခံရတာနဲ့ ကားမှန်ခွဲကာ အထဲက ပစ္စည်းတွေ ခိုးယူခံရမှုတွေ မြို့ခံတွေ ကြုံနေရပါတယ်။

စမ်းချောင်းမြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတယောက်က ညဘက် စမ်းချောင်းမြို့နယ်အတွင်း ရပ်ထားတဲ့ ကားတွေမှာ ဘက်မှန်နဲ့ ကားဘီးတွေ မကြာခဏ ဖြုတ်ယူခိုးခံရတာကြောင့် လမ်းလုံခြုံရေးငှားပြီး စောင့်ကြည့်ရတဲ့ အခြေအနေရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကားတွေက စမ်းချောင်းမှာ ရပ်ထားတာ အများကြီး။ အဓိကက ကားအသစ်လေ မော်ဒယ်မြင့်တဲ့ကားတွေ Showroom မရှိတဲ့ကားတွေ အဲ့လိုကားတွေကို သူတို့က ရွေးခိုးတယ်။ အဲဒါတွေက ပြန်ရောင်းရင် ဈေးကောင်းရလို့နဲ့တူတယ်။ အဓိကကတော့ ဘက်မှန်တွေ ဖြုတ်ခိုးတယ်။ ပြီးတော့ ဘက်မှန်တွေ ဘာတွေ ခိုးတယ်။ နောက်ပိုင်းကျ စမ်းချောင်းဘက်အခြမ်းတွေက လမ်းလုံခြုံရေးတွေဘာတွေ ငှားကြတယ်။ အဲ့လိုမျိုးဆိုတော့ ဘီးတွေဘာတွေ ဖြုတ်ခိုးလောက်တဲ့အထိ မဖြစ်တော့ဘူး။ ဘက်မှန်တွေဘာတွေ ဖြုတ်ခိုးတယ်။ အထူးသဖြင့် လမ်းဘက်မဟုတ်ဘဲ အတွင်းဘက်လှည့်ရပ်ထားရင် သေချာတယ် ခိုးခံရတယ် ခဏခဏပဲ။ ဘက်မှန်တင်မဟုတ်ဘဲ ရှေ့လေကာမှန်သုတ်တဲ့ ဝိုက်ပါပါ ဖြုတ်ခိုးတာ တော်တော်ဆိုးတယ်။ ရောင်းရင် ဘယ်လောက်မှ ရမှာ မဟုတ်ဘဲ။ အချို့ကားတွေဆို ဘီဖုံး၊ probox တို့ ဘာတို့ဆို ဘီးဖုံး ဘီးခွေ အဲ့လိုတွေပါ ဖြုတ်အခိုးခံရတယ်။"

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အိမ်စီးကားတစီး ကားဘီး ၄ ဘီးလုံးနဲ့ မှန်ရိုက်ခွဲကာ ကားအတွင်းအစိတ်အပိုင်းထဲက ပစ္စည်းတွေ ဖြုတ်ခိုးခံလိုက်ရတယ်လို့ ကားပိုင်ရှင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တော်ဝင်ပလာဇာ အနီးမှာရှိတဲ့ ကားပါကင်တခုမှာ ရပ်တန့်ထားတဲ့ တိုယိုတာ အိမ်စီးကားတစီးကို အဲဒီရက် မနက်အစောပိုင်း ၄ နာရီလောက်က ဖြုတ်ခိုးခံရတာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။

ကားဘက်မှန် ခိုးယူသူတွေက ရန်ကုန်မြို့ထဲပိုင်းနဲ့ ရန်ကုန်မြို့စွန်က ရပ်ကွက်တွေမှာ အိမ်စီးကားတွေ တန်ဖိုးကြီး ကားဘက်မှန်တွေကို ပစ်မှတ်ထား ခိုးယူနေတာဖြစ်ပြီး ပစ္စည်းတွေ အခိုးခံရရင်လည်း ဥပဒေအရ အရေးယူမှု အားနည်းတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံရသူတဦးက "ကားက မော်ဒယ်မြင့်တယ်။ ဝယ်ထားတာ မကြာသေးဘူး။ အိမ်ရှေ့မှာ ရပ်ထားပြီး ထမင်းဝင်စားတဲ့အချိန်က ၁၅ မိနစ်၊ မိနစ် ၂၀ အတောအတွင်းမှာ လူတွေလည်း ရှိတယ်။ ကိုယ့်ခြံရှေ့မှာ ရပ်ထားတာကို။ ပြန်လည်း ထွက်လာရော ဘက်မှန်က မရှိတော့ဘူး။ အရင်တုန်းကလည်း ရပ်နေကျပဲ။ အဲဒါဖြစ်တာ နေ့ဘက်ပေါ့။ နောက်တခေါက် ဖြစ်တာက ညဘက်ပေါ့။ မိုးအရမ်းရွာတဲ့နေ့က ကားကို ဂိုဒေါင်ထဲ မထည့်ဖြစ်ဘဲ အပြင်မှာပဲ ထားလိုက်တာ။ မနက်မိုးလင်းတော့ ခိုးကြည့်မှန် မရှိတော့ဘူး။ အခုက ရောက်တာနဲ့ ကားကို ဂိုဒေါင်ထဲ တန်းထည့် အပြင်မှာ မထားရဲတော့ဘူး။ ခဏလေး ထားရင်လည်း တယောက်က စောင့်ကြည့်၊ အဲ့လိုပဲ ထားတော့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့မှာ တက္ကစီမောင်းသူအချို့ကလည်း ညဘက်မှာ ဒုစရိုက် အမှုအခင်းတွေ ပိုများတာကြောင့် ကားမောင်းရတာ မလုံမခြုံဖြစ်ပြီး ညဘက်မောင်းသူတွေကလည်း ကိုယ့်အသက်အန္တရာယ် ကိုယ်ကာကွယ်ပြီး မောင်းနေရတယ်လို့ ပြောပါတယ်။

“လုံခြုံတယ်လို့ မခံစားရဘူး။ ကျနော်တို့လည်း ကားဆွဲရင် ကြည့်ဆွဲရတာပဲ။ ပိုက်ဆံလေး ၄၊ ၅ သောင်းနဲ့လည်း လုယက်နေကြတာပဲ။ တက်စီသမားအများစုဆို ခဏခဏ ဖြစ်နေတာပဲ။ ကားအလုခံရတယ်တို့ အလောင်း တွေ့တယ်လို့ ခဏခဏ တွေ့နေရတာပဲ။ မိုးချုပ်ဆို ကျနော်တော့ သိပ်မဆွဲတော့ဘူး။ တချို့ကျ မိုးချုပ်လည်း ဆွဲတဲ့သူ ရှိတာပေါ့။ အန္တရာယ်တော့ များတာပေါ့။”

လက်ရှိ ရန်ကုန်မြို့ရဲ့ လုံခြုံရေးအခြေအနေက ကိုယ်ထူကိုယ်ထ အားနဲ့သာ လုံခြုံအောင် နေရပြီး စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ခိုးဆိုးလုနှိုက်တွေနဲ့ အုပ်စုဖွဲ့ လှုပ်ရှားသူတွေရဲ့ ဒုစရိုက်မှုတွေကို မျက်ကွယ်ပြု လျစ်လျူရှုထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက မြို့ပြမှာ ပြောက်ကျားဆန္ဒပြလူငယ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကိုသာ ပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေ လုပ်နေပေမယ့် ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကို ကာကွယ်ပေးမှု မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013