DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကားဘီးဖြုတ်ခိုးမှုအပါအဝင်  ခိုးဆိုးလုနှိုက် ပိုများလာ 
DVB
·
July 14, 2023
ရန်ကုန်တွင် ကားဘီးဖြုတ်ခိုးမှုအပါအဝင်  ခိုးဆိုးလုနှိုက် ပိုများလာ 
Donate to DVB

စစ်အာဏာသိမ်းပြီနောက် ရန်ကုန်မြို့မှာ ကားပစ္စည်းတွေခိုးယူတာ အပါအဝင်  ခိုးဆိုးလုနှိုက်မှုတွေ ပိုများလာနေပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပြီလို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

အာဏာသိမ်း စစ်တပ်အနေနဲ့လည်း လုံခြုံရေးတွေ ထပ်တိုးချထားပေမဲ့ ဆန္ဒပြပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖမ်းဆီးဖို့သာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေးက ကျေနပ်ဖွယ်မရှိဘူးလို့ ရန်ကုန်မြို့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခု ရန်ကုန်မြို့က အာဏာသိမ်းပြီးကတည်းက နေစရာမကောင်းတော့တာ။ မီးကလည်းပျက်၊ ခိုးဆိုးလုနှိုက် လူရမ်းကားတွေကလည်းပေါ၊ ဘယ်မှာ သွားနေချင်စရာ ကောင်းပါတော့မလဲ။ ကျနော်ကိုယ်တိုင် အိတ်လိုက်ကြီး အလုခံရတာနော်။ အိုင်ပက် ပါသွားတဲ့ အတွက် location သိလို့ သွားပြီးမေးတာတောင် ၇ သိန်းပေးမှ ရမယ်ဆိုလို့ မယူခဲ့ရဘူး။ ကိုယ့်အိမ်ကိုယ်နေပြီးတောင် ဧည့်စာရင်းတိုင်နေရတာကြီးက တဖြည်းဖြည်း ပိုစုတ်ပြတ်လာတယ်ပဲ ပြောရမယ်။ အာဏာမသိမ်းခင်ကတော့ အလုပ်လေးလည်းကောင်း၊ နေရတာ အေးအေးချမ်းချမ်းနဲ့ဆိုတော့ နေရထိုင်ရ အဆင်ပြေခဲ့တယ်ပေါ့။ အဲ့တုန်းက အိမ်ကို ညလုံးပေါက်မပြန်လည်း ကိစ္စမရှိဘူး။ အခုနဲ့တော့ လုံးဝမတူတော့တာပေါ့။”

ဇူလိုင် ၁၃ ရက်က  ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အိမ်စီးကားတစီး ကားဘီး ၄ ဘီးလုံးနဲ့  မှန်ရိုက်ခွဲကာကား အတွင်းအစိတ်အပိုင်းထဲက ပစ္စည်းတွေ ဖြုတ်ခိုးခံလိုက်ရတယ်လို့   ကားပိုင်ရှင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တော်ဝင်ပလာဇာအနီးမှာရှိတဲ့ ကားပါကင်တခုမှာ ရပ်တန့်ထားတဲ့ တိုယိုတာ အိမ်စီးကားတစီးကို မနေ့ မနက်အစောပိုင်း ၄ နာရီလောက်က ဖြုတ်ခိုးခံရတာဖြစ်နိုင်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။

ဖြုတ်ခိုးခံရတဲ့ ကားပိုင်ရှင်နဲ့ နီးစပ်သူတဦးက “အလုပ်သွားမှသိတာပေါ့၊ အလွိုင်းနဲ့ တာယာ ၄ စုံ၊ ဘေးမှန်အသေးခွဲပြီး အထဲက Android TV နဲ့ Black Box CCTV ဖြုတ်ယူသွားပါတယ်။ လက်ရှိ ရန်ကုန်မြို့ အနေထားက ကားနဲ့သွားရင် လော့ခ်တွေချပြီး သွားရတယ်။ မှောင်တဲ့နေရာတွေဆို အတတ်နိုင်ဆုံး မဖြတ်ဖို့ကို သတိထားနေရတယ်။ ဘာလုပ်လုပ် အမြဲသတိထားနေရတဲ့ အခြေအနေကြီး ဖြစ်ပါတယ်။ လုံခြုံမှုကတော့ စိုးရိမ်ရတဲ့ အနေအထားကို ရောက်နေတာ။ ဘယ်အချိန် ကိုယ့်အလှည့်ရောက်မလဲ သတိထားနေရတယ်”လို့ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ လုံခြုံရေးအခြေအနေက လုံခြုံမှုဆိုတာ ဘာလဲလို့ ပြန်မေးရမယ့် အခြေအနေဖြစ်ပြီး လက်နက်ကိုင်အုပ်ချုပ်သူ လူတန်းစားဖြစ်တဲ့ စစ်တပ်အနေနဲ့လည်း တော်လှန်ရေးကို ချိုးနှိမ်ဖို့သာ ပြည်သူ့ဘဏ္ဍာငွေတွေကို အသုံးပြုနေပြီး ခါးပိုက်နှိုက်တွေ၊ အုပ်စုဖွဲ့ လှုပ်ရှားသူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်တွေ ပိုမိုများပြားလာလို့ ပြည်သူတွေအနေနဲ့လည်း ထိတ်လန့်ကြောက်ရွံ့နေရတယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်​ကလည်း မြောက်ဥက္ကလာပမြို့နယ် စျ ရပ်ကွက်စျေးနားက မြတ်မောင်ရွှေဆိုင်ကို လူ ၃ ဦးက သေနတ်တွေနဲ့ ဓားပြဝင်တိုက်ခဲ့တာ ကာလတန်ဖိုး ကျပ်သိန်း ၁၆,၀၀၀ ဖိုးလောက် ပါသွားခဲ့ပြီး ဓားပြမှုစွပ်စွဲချက်နဲ့ တွံတေး PDF ၉ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ရဲတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားတဲ့ သူတွေကို ဖမ်းဆီးပြီး ငွေညှစ် ပြန်ပေးဆွဲ ဓားပြတိုက်တာ၊  နေအိမ်တိုက်ခန်းတွေမှာ တက်ရောက် ရှာဖွေစဉ် ငွေကြေး၊ ကွန်ပြူတာ၊ ဖုန်းနဲ့ ကင်မရာကအစ တွေ့သမျှ အဖိုးတန် ပစ္စည်းတွေကို ယူသွားတာတွေလည်း ရှိတယ်လို့ ကိုယ်တွေ့ကြုံရသူတွေထံက သိရပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013