DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအင်အားစုများ စုစည်းကြရန် NUG ခေါင်းဆောင်ပြော 
DVB
·
July 20, 2023
တော်လှန်ရေးအင်အားစုများ စုစည်းကြရန် NUG ခေါင်းဆောင်ပြော 
Donate to DVB

တော်လှန်ရေးဟာ တနေ့ထက်တနေ့ ပိုအရေးကြီးလာပြီဖြစ်လို့   အင်အားစုတွေအားလုံး စုစည်းကြဖို့နဲ့  မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်ပိုင်းက တိုက်တွန်းပြောပါတယ်။

NUG အစိုးရအဖွဲ့အစည်းအဝေးကို ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ရာမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဒီရက်ပိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကချင်ပြည်နယ် ဧရိယာကို စစ်အင်အားအလုံးအရင်းနဲ့ ဦးတည် ထိုးစစ်ဆင်နေတာ‌တွေ့ရပြီး စစ်ကောင်စီအနေနဲ့ မြန်မာပြည်မြောက်ပိုင်းဒေသကို စစ်ရေး နိုင်ငံရေးအရ အရှိုက်ထိအောင် လုပ်ဆောင်ချင်တာလို့ ယူဆရကြောင်း ပြောပါတယ်။

ဒူဝါလရှီးလက "တကယ်တော့ မြန်မာတနိုင်ငံလုံးဟာ စစ်ရေးသတိ မပြတ်ရှိနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် ကျ‌နော်တို့ဟာ နေ့တိုင်း အချိန်တိုင်း စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ ပြောချင်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဘက်က တတ်နိုင်တာတွေ ရှိသလို၊ မတတ်နိုင်တာတွေလည်း ရှိနေပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီက ဦးစားပေး ဖြိုခွင်းနိုင်မယ့် နယ်မြေဧရိယာတွေမှာ စစ်ရေးပြင်ဆင်မှုတွေကို အချိန်နဲ့အမျှ တိုးတက်ကောင်းမွန်အောင် လုပ်နေဖို့ ဝိုင်းဝန်း ကြိုးစားပေးကြပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်" လို့ ပြောပါတယ်။

အစိုးရအဖွဲ့ ခေါင်းဆောင်မှုပိုင်းမှာ တော်လှန်ရေးအမြင်နဲ့ နိုင်ငံရေးအမြင်ကို သဟဇာတမျှအောင် ပေါင်းစပ်ပြီး လူထုအင်အားစုကို စုစည်းကြဖို့ အထူး တိုက်တွန်းလိုတယ်၊ ဘယ်တော်လှန်ရေးမဆို လူထုရဲ့ အင်အားနဲ့ပေါင်းစပ်ပြီး လုပ်နိုင်မှ ကြီးမားသော သက်ရောက်မှု ရှိမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်အင်အားစုတွေအချင်းချင်း ရိုင်းပင်းကြဖို့ စုစည်းကြဖို့နဲ့ ရဲဘော်ရဲဘက်စိတ် အပြည့်ထားကြဖို့ အထူးအရေးကြီးတယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတဲ့ သတင်းနဲ့ပတ်သက်ပြီး ဒါဟာ စစ်ကောင်စီအတွက် စစ်ရေးမျက်နှာစာ၊ စီးပွားရေးမျက်နှာစာ၊ နိုင်ငံရေးမျက်နှာစာ အဘက်ဘက်က အကျပ်အတည်း ဖြစ်နေတာကို ပေါ်လွင်စေတဲ့ လုပ်ဆောင်ချက်တခု ဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ သူ့ရဲ့အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေး အင်အားစုတွေကြား အမျိုးမျိုးသော သွေးခွဲမှုတွေ၊ ပြည်သူတွေ အာရုံထွေပြားအောင်၊ အကြောက်တရား‌တွေနဲ့ ထိန်းနိုင်အောင် ရက်စက်ကြမ်းကြုတ်တာတွေကို ပိုပြီးခပ်စိပ်စိပ် လုပ်လာဦးမယ်လို့ သူက ဆိုပါတယ်။

"ဒီလိုအချိန်မှာ ကျ‌နော်တို့ တော်လှန်ရေး အင်အားစုတွေကြား စုစုစည်းစည်းနဲ့ တော်လှန်ရေးရဲ့ အခြေအနေတွေကို မျက်ခြည်မပြတ် အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားနိုင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာမို့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းကောင်းနဲ့ အောင်ပွဲတွေ ယူဆောင်နိုင်တာရှိသလို၊ အင်အားပြန့်ကျဲနေတဲ့ နေရာဒေသတွေမှာလည်း စစ်ကောင်စီက အခွင့်ကောင်းယူကာ စခန်းတွေ ဝင်စီးတာမျိုး၊ ရွာတွေ မီးရှို့တာမျိုး လုပ်နေတာဖြစ်လို့ နေရာဒေသတိုင်းက ကျနော်တို့ရဲ့ PDF တွေ၊ LDF တွေ၊ ပကဖတွေ၊ ပလဖတွေ အားလုံးဟာ တတ်နိုင်သမျှ အင်အားတွေ စုစုစည်းစည်းနဲ့ ရှိနေကြဖို့ အင်မတန် အရေးကြီးကြောင်းလည်း ပြောကြားလိုပါတယ်" လို့ ဆက်ပြောပါတယ်။

ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်ဖို့လိုသလို ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေမှာလည်း သက်ဆိုင်ရာ ERO တွေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနတွေကြားထဲမှာပဲ ဖြစ်ဖြစ် သတင်းအချက်အလက်တွေ ဖလှယ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှ ရန်သူထက် နှာတဖျားသာနေမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013