
လတ်တလော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသစစ်ပွဲကြောင့် နိုင်ငံအတော်များများမှာ စက်သုံးဆီ ရှားပါးမှုပြဿနာတွေ ကြုံတွေ့နေရပြီး ထိုင်းနိုင်ငံမှာလည်း ကုန်းလမ်းနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာပါ ထိခိုက်ကာ ငါးဖမ်းလှေ အစီးရေ ၄,၀၀၀ ကျော် ရပ်နားထားရနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စမွတ်ဆုန်ခလမ်းခရိုင်မှာဆိုရင် ငါးဖမ်းလှေ ၂ စီးအတွက် တနေ့ကို ဒီဇယ်ဆီ ၁,၆၀၀ လီတာ အသုံးပြုရပြီး လှေတခေါက်ထွက်ရင် လီတာ ၂၀,၀၀၀ ကုန်တယ်၊ ငါးဖမ်းလှေမှာ ထည့်တဲ့ ဒီဇယ်ဆီဈေးမှာ အရင်က တလီတာကို ၁၉ ဘတ် မှ ၂၀ ဘတ်ခန့်သာဈေးရှိပြီး ခုသီတင်းပတ်အတွင်း ဘတ် ၃၀ မှ ၃၅ ဘတ်ထိ ဈေးတက်လာတယ်၊ အရင်းအနှီးများတာကြောင့် ငါးဖမ်းလှေ ရပ်နားထားတာ ၁၂ ရက်ရှိပြီလို့ ရေလုပ်ငန်းရှင်တယောက်က သတင်းထောက်ကို ပြောပါတယ်။
အလားတူ စမွတ်ဆုန်ခလမ်းခရိုင် မဲ့ကုံးမြို့ရှိ ရေလုပ်ငန်းရှင်တယောက်ကလည်း ဒီဇယ်ဆီ ဈေးတက်လို့ ငါးဖမ်းလှေ မထွက်နိုင်သေးပေမဲ့ မိမိရဲ့အလုပ်သမားတွေ စားဝတ်နေရေးအတွက်တော့ ထောက်ပံ့ပေးနေတယ်၊ ရွှေ့ပြောင်းနဲ့ ထိုင်းလုပ်သား ၁၅ ယောက်ရဲ့ လစာအတွက်တော့ ထုတ်ပေးရမယ်လို့ ပြောပါတယ်။
ထိုင်းတောင်ပိုင်း ကရပီခရိုင် ပင်လယ်စာဈေးထဲက ဈေးသည်တွေကလည်း လတ်တလော ငါးဖမ်းလှေတွေ ရပ်နားထားကြလို့ ငါး၊ ပုစွန်၊ ရေဘဝဲ အစရှိတဲ့ ပင်လယ်စာတွေ လိုသလောက် ဝယ်လို့မရတော့ဘူး၊ အဝယ်ဒိုင် ဈေးနှုန်းကလည်း ရေသတ္တဝါအမျိုးအစားအလိုက် တကီလိုကို ဘတ် ၂၀ မှ ၁၀၀ ထိ တက်သွားပေမဲ့ သူတို့ဈေးသည်တွေကတော့ ဖောက်သည်ပျက်မှာစိုးလို့ ဈေးမတက်သေးဘူး၊ ရေရှည်မှာတော့ မတက်လို့မဖြစ်တော့ဘူးလို့ ချန်နယ်လ် ၇ ထိုင်း သတင်းထောက်ကို ပြောပါတယ်။
အလားတူ ဆုန်ခလာ၊ နခွန်းဆီထမရတ်၊ တရန်း၊ ချွန်းပူးရီး၊ ကရပီ စတဲ့ ခရိုင်တွေမှာလည်း ငါးဖမ်းလှေတွေ ရာနဲ့ချီရပ်နားထားရကြောင်း ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဆုန်ခလာခရိုင် ငါးဖမ်းလှေများအသင်းကတော့ လာမဲ့ မတ် ၂၈ ရက်ကျရင် ထိုင်းဒုဝန်ကြီးချုပ် နိုင်းဖိဖတ် ရာ့ချ်ကစ်ပကန်ထံ ဒီပြဿနာတွေ ဖြေရှင်းပေးဖို့ ဘန်ကောက်သွားပြီး တောင်းဆိုဖို့ရှိတယ်လို့ အသင်းတာဝန်ရှိသူတယောက်က သတင်းထောက်ကို ပြောပါတယ်။
ထိုင်းနိုင်ငံလုံးဆိုင်ရာ ငါးဖမ်းလှေများအသင်းဥက္ကဋ္ဌ နိုင်းမုံးခုံး ဆုခ်ကျရွန်းခနားက “ထိုင်းနိုင်ငံမှာ လတ်တလော စက်သုံးဆီအတွက် ရေနံအရင်းအမြစ် အလုံအလောက်ရှိတယ်လို့ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ပြောထားတယ်။ ဒါပေမဲ့ ဒါဟာ ရေတိုအတွက်သာဖြစ်ပြီး ရေရှည်အတွက် အာမမခံနိုင်ဘူး၊ ယခင်က ရေလုပ်ငန်းကဏ္ဍအတွက် တလကို ဒီဇယ်ဆီ လီတာပေါင်း သန်းပေါင်း ၄၀ ကနေ ၅၀ ထိ ကွာတာ (ဝေပုံကျ) ရခဲ့ပေမဲ့ အရှေ့အလယ်ပိုင်းပြဿနာ ဖြစ်တဲ့နောက် ဒီဇယ်ကိုတာက တလကို လီတာသန်းပေါင်း ၂၀ မှ ၂၅ သန်းထိပဲ ရောင်းချပေးတော့မယ်လို့ အကြောင်းကြားချက် ရထားတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ အစီးပေါင်း ၉,၀၀၀ ကျော်ရှိပါတယ်၊ ဒီဇယ်ဆီက တဝက်ပဲရတော့မယ်ဆိုရင် ဆီမလုံလောက်တော့လို့ ငါးဖမ်းလှေ အစီးပေါင်း ၄,၀၀၀ ကနေ ၅,၀၀၀ ထိ ရပ်နားရဖွယ်ရှိတယ်” လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: ThaiPBS / Matichon / Motion News











