





ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၇ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းနားကို ကရင်နီ(ကယား)ပြည်နယ်အတွင်း ပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း-၇ က ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အခမ်းအနားမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားတဲ့ KNDF တပ်ရင်း-၇ က ရဲဘော်တွေကို အလေးပြုတာ၊ အတွင်းရေးမှူး ၂ က မိန့်ခွန်းပြောကြားတာ၊ တပ်ရင်းမှူးနဲ့ ဒုရင်းမှူးတို့မှ အမှာစကားပြောကြားတဲ့ အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီး ရဲဘော်တွေက ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စတင်ဖွဲ့စည်းတည်ထောင်ပြီး ၂ နှစ်အတွင်း KNDF တပ်ရင်း-၇ မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကာ ကျဆုံးသွားတဲ့ ရဲဘော်တွေမှာ ရဲဘော် ဒါးဝီ၊ ရဲဘော် ပရဲဖား၊ ရဲဘော် စိုးမြိုင်၊ ရဲဘော် ထျိုးရယ်၊ ရဲဘော် အောင်အောင်နဲ့ ရဲဘော်အောင်ကျော်ခန့်တို့ ဖြစ်ကြပါတယ်။
အလားတူ ဇူလိုင် ၁၅ ရက်မှာ ကျရောက်တဲ့ KNDF တပ်ရင်း-၆ တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားကိုလည်း ကရင်နီပြည်နယ်တောတွင်း တနေရာမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ ဆုတောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း-၆ နဲ့ တပ်ရင်း-၇ အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။










