Home
ဆောင်းပါး
လက်ဖက်ရည် ကြိုက်သူများ (သို့) လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါ
DVB
·
July 15, 2023

၁။ လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါ

မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ အကြံကုန်လို့ ဂဠုန်ဆားချက်တဲ့ နည်းဗျူဟာမှာ ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဖက်ရည်ကြိုက်သူတွေ ဒီအတောအတွင်း တယောက်ပြီး တယောက် အတော်များလာတာ တွေ့ရပါတယ်။ စိတ်ဝင်စားစရာ ကွင်းဆက်တွေပါပဲ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဖက်ရည်ကို သောက်ခွင့်ရလိုက်တဲ့ ကံထူးရှင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်ဖြစ်ခဲ့ဖူးသူ ဒေါ်စန္ဒာမင်းပါ။

ဦးသိန်းစိန်လက်ထက် ၂၀၁၂ ကလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ပြီး ပါတီမှတ်ပုံတင်စေဖို့ဖြစ်ပါတယ်။  ဒါကြောင့် ‌ဒေါ်စန္ဒာမင်းတို့လို့ နိုင်ငံရေး မီးကျိုးမောင်းပျက်တွေကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမတခါ ပေးတွေ့ပေမဲ့ ''နောက်မလာနဲ့''လို့ ပြောလွှတ်တာခံရပါတယ်။ ဒုတိယအကြိမ်တွေ့ဆုံဖို့ ဦးအောင်စိုး၊ ဦးဝင်းမြင့်အောင်တို့နဲ့ ပူးပေါင်း ကြိုးစားတဲ့အခါမှာလည်း  ''ဘယ်သူ့ကိုမှ မတွေ့ချင်ပါ၊ လက်ဖက်ရည်တိုက်ပြီး ပြန်လွှတ်လိုက်ပါ"လို့သာ ပညာရှိနည်းနဲ့ နှင်ထုတ်ခံလိုက်ရပါတယ်။

(၂) ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း

၂၀၂၃ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်ကို ရောက်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်နဲ့ ဧပြီ ၂၃ရက် ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာဘန်ကီမွန်းဟာ အဆိုပါ မြန်မာခရီးစဥ်ကို ကမ္ဘာခေါင်းဆောင်ဟောင်းတွေ၊ လူသိများထင်ရှားသူ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်‌အရေးပညာရှင်တွေနဲ့ ဖွဲ့ စည်းထားတဲ့ The Elders အဖွဲ့ရဲ့  ဒုဥက္ကဋ္ဌ ‌အနေနဲ့ လာရောက်ခဲ့တာဖြစ်ပြီး ဘယ်အရေးကိစ္စ အတွက် လာရောက်တယ်ဆိုတာကို နှစ်ဖက်လုံးက တိတိကျကျ ထုတ်ဖော်ပြောဆိုခဲ့တာမရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း အဲဒီအဖွဲ့ဟာ မြန်မာ့အရေး တက်ကြွစွာပြောဆိုဆောင်ရွက်လေ့ရှိတဲ့ သြဇာရှိကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားလို့  မစ္စတာဘန်ကီမွန်းရဲ့ မြန်မာခရီးစဥ်မှာ အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး တောင်းဆိုနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ပေါ်ထွက်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်  လူအများအပြားသေဆုံးခဲ့တာကို ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြဖို့ မစ္စတာ ဘန်ကီမွန်းက ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေကတည်းက တိုက်တွန်းခဲ့ဖူးတာမျိုးတော့ ရှိပါတယ်။

သူလည်းပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဖက်ရည်ကို ဒုတိယ သောက်ခွင့်ရခဲ့တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

(၃) ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်း

ဖမ်းဆီး၊ ထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

"မြန်မာနိုင်ငံ ပဋိပက္ခချုပ်ငြိမ်းဖို့ ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပရမယ်"လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြောဆိုခဲ့တယ်ဆိုပြီး ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သတင်းထောက်တွေကို ဒွန်က အဲဒီလို ပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ AFP  သတင်းတစ်ပုဒ်တွင် ရေးသားထားတာကို တွေ့ရပါသည်။

"အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုပြီး တစ်စုံတစ်ရာ ပြောကြားချက်တွေဟာ ကျင့်ဝတ်နှင့်မညီကြောင်း " ဝေဖန်မှုများစွာလည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့    လက်ထောက်တယောက် ဖြစ်ခဲ့ပြီး    အခုအခါ အမျိုးသား ညီညွှတ်ရေးအစိုးရရဲ့  ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ဆိုတာတွေကို သံသယများစွာ ထားသင့်ကြောင်း ပြောလာတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့  မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတောင် မသိရှိခဲ့ကြောင်း၊ ထိုင်းလွှတ်တော်က "မကြာခင် ဝန်ကြီးချုပ်အသစ် ရွေးချယ်တော့မှာဖြစ်လို့ ဒွန်အနေနဲ့ အခုလိုပြုလုပ်ဖို့ အခွင့်အာဏာမရှိ” လို့ ထိုင်းနာမည်ကျော် ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေး သာရပ်ဆိုင်ရာ ပါမောက္ခ Thitinan Pongsudhirak က မှတ်ချက်ပြုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဒွန်က မြန်မာစစ်ကောင်စီနဲ့ ဆက်သွယ်နေတာဟာ အာဆီယံဘုံ သဘောတူညီချက်ကို မထီမဲ့မြင်ပြုရာရောက်သလို အင်ဒိုနီးရှားနိုင်ငံရဲ့ ဥက္ကဋ္ဌလုပ်ပိုင်ခွင့်ကို သပ်လျှိုတဲ့သဘောလည်းရောက်နေတယ်။ ဖုံးကွယ်ထားတာတွေရှိလိမ့်မယ်ဆိုတဲ့ သံသယ ဖြစ်စေတယ်။”

ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက၊ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်ပက တာဝန်ရှိသူ သံအရာရှိ တစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးကတော့ နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်တို့ တွေ့ဆုံခြင်းဟာ “နိုင်ငံရေးအရ အသုံးချခြင်းသာဖြစ်တယ်”လို့  RFA အင်တာဗျူးမှာ ပြောသွားတာတွေ့ရပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးလည်းကောင်းတယ်၊ ကောင်းတဲ့တွေ့ဆုံမှုပါ။ သူက စေ့စပ်ဆွေးနွေးပွဲကျင်းပဖို့တိုက်တွန်းခဲ့ပါတယ်”လို့  ဒွန်က ကျင်းပပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုဟာ  စစ်ကောင်စီရဲ့  နိုင်ငံရေးအကျိုးအမြတ်ထုတ်ဖို့ ခြေလှမ်းသက်သက်သာဖြစ်ကြောင်း၊ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံရပြီးကတည်းက ရှေ့နေတွေနဲ့ပါ တွေ့ဆုံခွင့်မရတော့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ လွတ်လပ်စွာတွေ့ဆုံခွင့်မရဘဲ ဘယ်နိုင်ငံရေးဆုံးဖြတ်ချက်ကိုမှ ချမှတ်မှာ မဟုတ်ကြောင်းကိုလည်း အရင်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တစ်ဦးလည်းဖြစ်ပြီး အခုအခါ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးမိုးဇော်ဦးက အလေးအနက် မှတ်ချက်ပေးပါတယ်။

"ဒွန်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမတိုင်မီမှ ဒေါ်အောင်ဆန်းစုကြည်ကို ဘာလို့ သွားပြီးတွေ့ရတာလဲ။ အဲဒီ အချက်ကိုလည်း စဉ်းစားစရာရှိပါတယ်။ တကယ်တမ်း တွေ့ခွင့်ရှိသူက အာဆီယံလက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံပေါ့။ သူတို့ကသာလျှင် တရားဝင်တွေ့ခွင့်ရှိတာပေ့ါ။ ဒွန် ကို ပေးတွေ့တယ်ဆိုတာကလည်း တော်တော်လေး သံသယရှိစရာဖြစ်ပါတယ်။"

“ထိုင်းနိုင်ငံ လက်ရှိ အစိုးရဆိုတာက မြန်မာစစ်တပ်နဲ့ တော်တော်ကြီးကို နီးစပ်တဲ့ သူတွေ ဖြစ်နေတဲ့ အခါကျတော့ ဒီလိုမျိုးတွေ့ခွင့်ပေးတာနဲ့ အထူးသဖြင့် အာဆီယံ အစည်းအဝေးနဲ့ ကပ်ပြီးတော့ တွေ့ခွင့်ပေးတာနဲ့ ပတ်သတ်ပြီးရင်တော့ တော်တော်လေး စဉ်းစားစရာရှိတာပေါ့” လို့လည်း Myanmar Now နဲ့ မေးမြန်းဆွေးနွေးခန်းမှာ ဦးမိုးဇော်ဦးက ပြောထားပါတယ်။

 (၄)  အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်

ကျနော့်ရဲ့ မှန်းဆထင်မြင်ချက်ကို ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဖက်ရည်ကို ကြိုက်သူတွေအထဲမှာ လူပုဂ္ဂိုလ်တွေတင်မက ဒြပ်မဲ့အရာ  အာဆီယံရဲ့ five point consensus  (ဘုံသဘောတူညီချက် ၅ ချက်) ကြီးကပါ ကြိုက်နေသလားလို့ ထင်မှတ်လာပါတယ်။

အဲဒီ အာဆီယံရဲ့  ဘုံသဘောတူညီ ၅ ချက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီခေါင်းဆောင်တက်ရောက်တဲ့ အာဆီယံ အစည်းအဝေးမှာ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရက်စက်မှု အပေါင်းဘီလူးခေါင်း သရဖူဆောင်းထားတဲ့ မင်းသားကြီး မအလ ကိုယ်တိုင်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကတော့

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊

၂။ ပြည်တွင်းက သက်ဆိုင်ရာ အစုအဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊

၃။ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးရန် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့၊

၄။ မြန်မာကို အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့နဲ့ 

၅။ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီး သက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။

နောက်ဆုံးတော့လည်း ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပြန်လည်သုံးသပ်ခဲ့ကြရပါတယ်။

မြန်မာအရေးကြားဝင်ဖြေရှင်းပေးနိုင်ဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မေလ ၁၁ ရက်မှာအလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုဟာ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့ နှေးကွေးတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် ဖြစ်ပေါ်လာရတာလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောတွေ့ဆုံမှုဟာ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးတွေ့ဆုံပွဲမတိုင်ခင်ဖြစ်ပါတယ်။ အမေရိကန်သမ္မတနဲ့ အာဆီယံ ခေါင်းဆောင်တွေဟာ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဝါရှင်တန်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာ့အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြန်သုံးသပ်ခဲ့ကြပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိပုံကို မစ္စနိုလင်းဟေဇာကို ဥပမာထားပြီး မီဒီယာကို ဖြေထားပါတယ်။

(၅) မစ္စနိုလင်းဟေဇာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်

မစ္စနိုလင်းဟေဇာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာက ခန့်အပ်ခံရပေမယ့် စစ်ကောင်စီက အသိအမှတ်ပြုလက်ခံတာမရှိသေးဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

ဖနွမ်းပင်မှာကျင်းပပြီးခဲ့တဲ့  မြန်မာကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အစည်းအဝေးကိုလည်း မစ္စနိုလင်းဟေဇာဟာ စစ်ကောင်စီက အသိအမှတ်မပြုတဲ့အတွက် တက်ရောက်ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

ဒါဟာ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က ပူးပေါင်းမှုမရှိတဲ့ ဥပမာတစ်ခုသာဖြစ်ပြီး တစ်နှစ်အတွင်းမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှု မရှိခဲ့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုပါတယ်။

အဲဒါကြောင့် ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ဖို့အတွက် အမြင်သဘောထားတွေ ချမှတ်ရမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

တရားမဝင်တဲ့ စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို တစ်ချက်မှ မလိုက်နာတဲ့အတွက် အဲဒီဘုံသဘောတူညီချက်တွေဟာ ကျဆုံးသွားပြီလို့ ကုလသမဂ္ဂအရေး ကျွမ်းကျင်သူတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီကတော့ ပြီးခဲ့တဲ့လပိုင်းတွေက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဆီယံဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့နဲ့ ပူးပေါင်းပြီး နည်းလမ်းသစ်ရှာသင့်တယ်လို့လည်းအကြံပြုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံ  ဘုံသဘောတူညီချက် ၅ ချက် ဘာညာတွေက မြန်မာပြည်သူတွေ လက်မခံဘဲ အဖြေထွက်လာမှာမဟုတ်ဘူး။ အဲဒီမူတွေ၊ သဘောတူညီချက်တွေက မင်းအောင်လှိုင်နဲ့ သူ့ စစ်ကောင်စီ ကျူးလွန်တာတွေအတွက် ပြန်ပြီးတာဝန်ခံဖို့နဲ့ ကြားကာလ တရားမျှတမှုဖော်ဆောင်ရေးတွေ မပါလာပါဘူး။

စစ်ကျွန်ဆော်နံ  စာအုပ် အစိမ်းကြီး ၂၀၀၈ ခြေဥ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အောက်ကို ပြည်သူတွေ ပြန်နေရမယ့်သဘောမျိုးဆိုရင် မင်းအောင်လှိုင်တို့က သဘောတူခဲ့ရင်တောင် "နွားပြာကြီးအကြောင်းသိထားရင် ဒီသားရေ ဖင်ခုမထိုင်ဘူး"  ဆိုတဲ့ မြန်မာစကားပုံအတိုင်း မြန်မာပြည်သူတွေက လက်ခံကြမှာ မဟုတ်ပါဘူး။ ဘယ်သူတွေ၊ ဘယ်ငြိမ်းချမ်းရေးပွဲစားတွေ၊ ဘယ်စစ်အာဏာရှင်နိုင်ငံတွေကပဲ ဝင်ညှိညှိ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ ဖက်ဆစ်စစ်တပ် ကျူးလွန်ထားတာတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်မပေးနိုင်မချင်း၊ နစ်နာခဲ့တဲ့ ပြည်သူလူထုအတွက် တရားမျှတမှုကို ရှာဖွေဖော်ထုတ်မပေးနိုင် မချင်း မြန်မာပြည်သူတွေက ကျေနပ်ကြမှာမဟုတ်ပါဘူး။ ပြည်သူတွေ မကျေနပ်ဘဲ ဒီပွဲက ပြီးမှာမဟုတ်ပါဘူး။ ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လို လက်ဖက်ရည်တော့ တိုက်စရာမရှိပါဘူး။  သွေးနဲ့ မျက်ရည်ပဲ တိုက်စရာရှိမှာပါ။ မြန်မာပြည်သူလူထုရဲ့  သွေးနဲ့ မျက်ရည်ကို သောက်ရက်ကြရင်ပေါ့လေ...။ ။

ချစ်မင်းနွဲ့ကြည် 

ကိုးကား − The Straits Times၊ AFP၊ RFA၊ BBC၊ Myanmar Now

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024