DVB Logo
Home
မြန်မာသတင်း
မယ်စဲ့မြို့နယ်တွင် စက်သုံးဆီပြတ်လပ် ဈေးနှုန်း ၂ ဆ မြင့်တက်
DVB
·
July 14, 2023
မယ်စဲ့မြို့နယ်တွင် စက်သုံးဆီပြတ်လပ် ဈေးနှုန်း ၂ ဆ မြင့်တက်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ကယား(ကရင်နီ)ပြည်နယ်၊ သံလွင်မြစ်အရှေ့ဘက်ကမ်းရှိ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့  မယ်စဲ့မြို့နယ်မှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဈေးနှုန်းလည်း နှစ်ဆမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “သံလွင်ရှေ့ခြမ်း၊ မယ်စဲ့မြို့နယ်မှာ ဓာတ်ဆီတလီတာကို ၇,၀၀၀ ကနေ ၉,၀၀၀ ထိ ပေးဝယ်နေရတယ်။ တဂါလန်ဆိုရင် ၂၈,၀၀၀ အနည်းဆုံး ပေးဝယ်ရတယ်။ ဒါတောင် လိုသလို ဝယ်လို့မရဘူး။ စစ်တပ်က လမ်းကြောင်းပိတ်ထားတာရယ်၊ ထိုင်းဘက်ကလည်း ပိတ်ထားတာရယ်ကြောင့် ဓာတ်ဆီကော ဒီဇယ်ပါ ပြတ်နေတယ်။ လက်ကျန်ပဲရှိတော့လို့ ဈေးကြီးပေးဝယ်နေရတယ်” လို့ ပြောပါတယ်။

သံလွင်ရှေ့ခြမ်းက ပန်တိန်းစခန်းကုန်းတခုကလွဲလို့ ကျန်တဲ့နယ်မြေအားလုံးကို တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေက ဇွန်လပိုင်းကတည်းက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဆက်သွယ်ရေးလမ်းကြောင်း တွေကို ပိတ်ဆို့ထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဘက်ကလည်း ကုန်သွယ်ရေးနဲ့ လူဝင်လူထွက်ကို ပိတ်ပင် တားမြစ်ထားတာကြောင့် အခုလို စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်းတွေ မြင့်တက်သွားတာလို့ နယ်မြေခံတွေက ဆိုပါတယ်။

ဒေသခံတဦးက“သံလွင်ရှေ့ခြမ်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်တပ်က လေကြောင်းကနေ အမြဲတိုက်ခိုက်လာတယ်။ နေ့တိုင်းလိုလို လေယာဉ်လာတယ်။ ကြဲချင်တဲ့နေရာကို ကြဲသွားတယ်။ ဟိုတနေ့ကလည်း နယ်စပ်က စစ်ရှောင်စခန်းကို ဗုံးနဲ့ကြဲသွားတယ်။ စစ်တပ်က လမ်းတွေကို ပိတ်ဆို့တယ်။ ထိုင်းဘက်ကလည်း စစ်ဘေးရှောင်တွေ သူတို့ထဲ ဝင်လာတာများတော့ လူဝင်လူထွက်နဲ့ ကုန်သွယ်ရေးလမ်းတွေ ကိုပါ ပိတ်ထားတယ်။ အရင်က ထိုင်းဘက်ကနေ စက်သုံးဆီဝင်တာရှိတယ်၊ အခုမရှိတော့ဘူး။ ဒီးမော့ဆိုမှာ ဓာတ်ဆီတပေပါကို ၆၃၀,၀၀၀၊ တဂါလန်ကို ၁၂,၀၀၀ ကျော်ပဲရှိတယ်။ အခု ဒီဘက်မှာ တဂါလန်ကို ၃၀,၀၀၀ နီးပါး ပေးဝယ်နေရတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်က ဈေးသိပ်မကွာဘူး” လို့ ဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကယား(ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၆၃ ခါ ရှိခဲ့ပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၁၈ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူအင်အားစုက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တားမြစ်ကန့်သတ် ပိတ်ပင်မှုတွေကြောင့် ကယား(ကရင်နီ)ပြည်နယ် တခွင်လုံးမှာ စက်သုံးဆီဈေးနဲ့ အခြေခံစားသောက်ကုန်ဈေးတွေလည်း မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013