DVB Logo
Home
မြန်မာသတင်း
ဇူလိုင် ပထမပတ်ကစပြီး ရန်ကုန်မြို့တွင် ရာသီတုပ်ကွေး ကူးစက်မှု အဖြစ်များ
DVB
·
July 13, 2023
ဇူလိုင် ပထမပတ်ကစပြီး ရန်ကုန်မြို့တွင် ရာသီတုပ်ကွေး ကူးစက်မှု အဖြစ်များ
1 / 2
Donate to DVB

ဇူလိုင်လ ပထမပတ်တွင်းက စလို့ ရန်ကုန်မြို့ထဲက မြို့နယ်တော်တော်များများမှာ ရာသီတုပ်ကွေးရောဂါ ကူးစက်မှု စတင်ဖြစ်ပွားနေပြီး အသက်ကြီးပိုင်းတွေနဲ့ ကလေးငယ်တွေမှာ ရောဂါရဲ့ ပြင်းထန်မှုကို ပိုခံစားရတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ အထွေထွေရောဂါကု ဆရာဝန်တွေက ပြောပါတယ်။

ဒီနှစ်မှာ တုပ်ကွေးရောဂါ ပြင်းထန်မှုက ၁၀ စုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်နိုင်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန US – CDC က ခန့်မှန်းထုတ်ပြန်ထားပါတယ်။ ပြင်းထန်တုပ်ကွေး ဆိုပေမယ့် အစိုးရိမ် မလွန်ကြဖို့ ပြည်တွင်းမှာ ကျန်းမာရေး ဗဟုသုတတွေ မျှဝေပေးနေတဲ့ ဆရာဝန်တယောက်က ပြောပါတယ်။

"အခုက တုပ်ကွေးက ရန်ကုန်မှာ အဖြစ်များနေပြီ။ ဒါပေမဲ့ စိုးရိမ်ရလားဆိုရင်တော့ အရင်ကထက်စာရင် လူနာများတယ်။ အရင်ကထက်စာရင် လူနာများတယ်။ တရက်ကို လူနာ အယောက် ၂၀ လောက် ကြည့်ရရင် အခု အယောက် ၄၀ လောက် ကြည့်ရတယ်။ အဖြစ်များတယ် ပြောလို့ရတယ်။ ပြင်းထန်လားဆို အခု တုပ်ကွေးက နည်းနည်းပြင်းတယ်။ အရင်ဖြစ်ခဲ့ဖူးတာတွေထက် ပြင်းတယ်။ CDC က ပြောထားတာအရ ဒီနှစ် တုပ်ကွေးက ဆယ်စုနှစ်အတွင်းမှာ အပြင်းထန်ဆုံးဖြစ်မယ် ပြောထားတယ်။ အသက် သေဆုံးမှုရှိလားဆို ရှိတယ်။ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ နှစ်အထက် အဲဒီမှာ ပြင်းထန်တယ်။ နဂိုရောဂါ ရှိတဲ့သူတွေမှာ တုပ်ကွေးက ပြင်းထန်တယ်။ ဒီလိုလူတွေမှာ သေဆုံးတဲ့အထိ ပြဿနာ ရှိနိုင်တယ်။ ပြင်းထန်တုပ်ကွေးဆိုတာတော့ မှန်တယ်။ ဒါပေမဲ့ တအားကြီးတော့ စိုးရိမ်စရာ မလိုလှဘူး။"

တုပ်ကွေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာကြောင့် ရောဂါရှိသူရဲ့ နှာချေရာကတဆင့် ကူးစက်နိုင်ပြီး ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ အရာတွေနဲ့ ထိတွေ့ ကိုင်တွယ်မိရင်လည်း ကူးစက်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောပါတယ်။

ရာသီပေါ် တုပ်ကွေးကို ကာကွယ်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်သလိုပဲ မက်စ်တပ်၊ လက်ဆေး၊ ခပ်ခွာခွာ နေထိုင်ခြင်းနဲ့ ကာကွယ်နိုင်ပြီး ကိုယ်ခံအားကောင်းမယ့် အစားအစာတွေ များများစားတာ၊ နေမကောင်းဖြစ်တဲ့သူနဲ့ သီးခြားနေတာ၊ ဆရာဝန်ပေးတဲ့ ဆေးပုံမှန်သောက်သုံးတာနဲ့ ကုသနိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ပြည်သူတဦးက "ဒီမှာ တော်တော်ဖျားကြတာတော့ ၇ လပိုင်း ပထမပတ်လောက်ကပေါ့။ တော်တော်ဖျားကြတယ် လူတွေက။ ကျမတို့တော့ တပတ်လောက်ရှိပြီ နေမကောင်းဖြစ်တာ။ တုပ်ကွေးလို့ပဲ ပြောတယ်။ ကလေးသွားပြတော့လည်း သာမန် တုပ်ကွေးပေါ့။ ပုံမှန် တုပ်ကွေးတွေက အဲ့လောက် မခံရဘူးလေ။ ဒီတခေါက် တုပ်ကွေးကတော့ ချောင်းတွေ တအားဆိုးတယ်။ ကလေးကျတော့ သူများတွေ ပြောနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်မှာ စိုးရိမ်တာပေါ့။ ဆေးရုံ ဆေးခန်းတွေ သွားပြတော့ ရိုးရိုးတုပ်ကွေးတဲ့။ သားသားကတော့ အဖျား ၅ ရက်လောက် ကြီးတယ်။ အခုချိန်ထိတော့ ကိုယ်ငွေ့ နည်းနည်းကျန်တာပေါ့။ နှာစေး ချောင်းဆိုးကတော့ ကျန်တာပေါ့"လို့ ပြောပါတယ်။

ဆေးကုသခအနေနဲ့ ရန်ကုန်မှာ အပြင်ဆေးခန်း ပြသရင် လူကြီး ၁ သောင်း၊ ၁ သောင်းခွဲ ပတ်ချာလည်နဲ့ ကလေး ဆေးခန်းပြရင် ၄ သောင်းကနေ ၅ သောင်း၊ ၆ သောင်းလောက်အထိ ကုန်ကျတယ်လို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ တယ်လီကျန်းမာမှာ ကုသပေးနေတဲ့ ဆရာဝန်တယောက်ကတော့ ဒီနှစ် ရာသီပေါ် တုပ်ကွေးက ကိုဗစ်-၁၉ ရောဂါလို ကာကွယ်ရမှာဖြစ်ပြီး ရောဂါ အသစ်တခုလို အရမ်းစိုးရိမ်ကြောက်ရွံ့ဖို့တော့ မလိုဘူးလို့ ပြောပါတယ်။

"အရမ်းကြီးလည်း စိုးရိမ်ကြောင့်ကြဖို့ မလိုဘူး။ အားလုံးက ဒီထက် ဆိုးတဲ့ ကိုဗစ်-၁၉ ကို တွေ့ခဲ့ပြီ။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေ ပိုးအသစ်တွေ မဟုတ်ဘူး။ ရာသီတုပ်ကွေး ဗိုင်းရပ်စ်တွေ ဖြစ်နိုင်တယ်။ ကိုဗစ်-၁၉ ကလည်း ကူးစက်မှုက လူထုကြားထဲရှိနေသေးတယ်။ သွေးလွန်တုပ်ကွေးကလည်း မြန်မာနိုင်ငံမှာ ခေါင်းထောင်တယ်။ တောတောင်တွေမှာ စစ်ဘေးရှောင်တွေ၊ ရဲဘော်တွေဆို ငှက်ဖျား သတိထားရမယ်။ ရောဂါပိုးအသစ်လို့တော့ ကြောက်ရွံ့ဖို့ မလိုဘူး။ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားက ခြင်မကိုက်အောင် နေရမယ်။"

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာလည်း  ကလေးငယ်တွေအပါအဝင် လူဦးရေ အတော်များများ  ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကျန်းမာရေး ဝန်ထမ်းတွေ စီဒီအမ် လှုပ်ရှားမှု ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီက ပညာရှင်တွေကို ဖမ်းဆီးထောင်ချတာ၊ ဆေးဝါးပစ္စည်းတွေ ဖမ်းဆီးသိမ်းဆည်းတာတွေ လုပ်ခဲ့ပြီး ပြည်တွင်းက ကျန်းမာရေးကဏ္ဍ ယိုယွင်းနေတယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုပါတယ်။ ကိုဗစ် တတိယလှိုင်းမှာလည်း အောက်ဆီဂျင်တွေ ပြတ်လပ်ပြီး မြန်မာနိုင်ငံမှာ လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ကမ္ဘာတဝန်းမှာ နှစ်စဉ်တုပ်ကွေးရောဂါကြောင့် ပြင်းပြင်းထန်ထန် ဖျားနာသူပေါင်း ၃ သန်းကနေ ၅ သန်းအထိရှိပြီး အဲဒီထဲမှာမှ လူပေါင်း ၂၉၀,၀၀၀ ကနေ ၆၅၀,၀၀၀ အထိ သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013