DVB Logo
Home
မြန်မာသတင်း
နမ်ဆန်ယန်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲ ဆက်လက်ပြင်းထန်
DVB
·
July 13, 2023
နမ်ဆန်ယန်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲ ဆက်လက်ပြင်းထန်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနားလမ်း ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ဘက်ကို စစ်ကူအင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနက်ပိုင်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းပစ္စည်းတချို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်က သိမ်းဆည်းရရှိတယ်လို့ ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“စစ်ကောင်စီဘက်က လက်နက်ခဲယမ်းပစ္စည်းတချို့ သိမ်းဆည်းရမိတာ။ ဒီတိုက်ပွဲက မနက် ၅ နာရီခွဲလောက်ကစ၊ ၈ နာရီခွဲလောက်အထိ ၃ နာရီခန့်ကြာ ပြင်းပြင်းထန်ထန်ဖြစ်တာ” လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဗန်းမော်၊ ဒေါ့ဖုန်းယန်ကနေ နမ်ဆန်ယန်ဘက် စစ်ကူအင်အားဖြည့်လာတဲ့ စစ်ကောင်စီ ခလရ ၅၆ နဲ့ ၇၇ ပူးပေါင်းအဖွဲ့နဲ့ ကေအိုင်အေ တပ်ရင်း ၁၄ အဖွဲ့တို့ ခါ့လားကုန်းစောင်းအောက် နမ်တုတ်တောင်လမ်းဆုံမှာ ထိတွေ့တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဒီမနက် ၅ နာရီဝန်းကျင်ခန့်ကစပြီး ဒေါ့ဖုန်းယန်၊ ခါ့လားယန်တကြော တိုက်ပွဲ အရမ်းပြင်းထန်နေတယ်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့မှာ ရွှေကူတပ်ဖြစ်တဲ့ ခလရ ၅၆ လည်းပါပြီး ဒီမနက်ပိုင်းမှာ ဒေါ့ဖုန်းယန်၊ ဒိန်ဂါ၊ ခါ့လားတကြော တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားတယ်လို့ ဆိုပါတယ်။

နမ်ဆန်ယန်ကျေးရွာနားက မဒီးယန်ပတ်ဝန်းကျင်မှာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ညနေပိုင်းမှာတော့ နှစ်ဖက်တပ်ဖွဲ့တွေ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီလောက်ကလည်း ဗန်းမော်မြို့ဘက်ကနေ နမ်ဆန်ယန်ဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ် ရိက္ခာတင်ကားကို ဒေါ့ဖုန်းယန်မြို့နယ် နွမ်လန်နဲ့ အူထန်ယန်ကြားက ရာဘာခြံနားမှာ ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၈ ရက် ည ၉ နာရီလောက်ကလည်း နမ်ဆန်ယန်နဲ့ မဒီးယန်ကြား စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ လေးလုံ စစ်ကောင်စီတပ်မှာပဲ တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကေအိုင်အို/ကေအိုင်အေ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်အနီး ဇူလိုင် ၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တကျော့ပြန် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဗန်းမော်လမ်းကြောနဲ့ မြစ်ကြီးနားလမ်းကြောတွေဘက်က အဆက်မပြတ် အင်အားဖြည့် စစ်ကူ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013