DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁ ခုကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းပြီး အရေးယူ
DVB
·
July 12, 2023
ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁ ခုကို ရာသက်ပန် လိုင်စင်ပိတ်သိမ်းပြီး အရေးယူ
Donate to DVB

ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းတခုဖြစ်တဲ့ Myint Mo Phue Pwint အေဂျင်စီကို လိုင်စင် ရာသက်ပန်ပိတ်သိမ်းလိုက်ပြီး ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ပါ အမှုဖွင့် အရေးယူလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အလုပ်သမား ၁၆ ဦးရဲ့ တိုင်ကြားချက်နဲ့ပတ်သက်လို့ အဲဒီအေဂျင်စီကို ရာသက်ပန် ပိတ်သိမ်းလိုက်တာဖြစ်ပြီး ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ပုဒ်မ ၂၉ နဲ့ပါ အမှုဖွင့်အရေးယူထားတာလို့ အဲဒီဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “ကြားရသလောက်ကတော့ ငွေကြေး အရှုပ်အရှင်းကိစ္စတွေ။ တော်ရုံဆို အဲလောက်ကြီး အရေးယူလေ့မရှိဘူး။ အခုက ပြဿနာကြီးပုံရတယ်” လို့ ပြောပါတယ်။

အဲဒီလို အရေးယူခံရတဲ့ အေဂျင်စီကို အမှုဖွင့်ထားတဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ အရ သတ်မှတ်ဝန်ဆောင်ခထက် ပိုတောင်းခံတာ ထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ထပ် အမှုဖွင့်ထားတဲ့ပုဒ်မ ၂၉ အရ အကျိုးဆောင်လိုင်စင်ရရှိသည့် မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် သို့မဟုတ် ညွှန်ကြားချက်တရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်ငါးထောင်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို အရေးယူခံရတဲ့ Myint Mo Phue Pwint အေဂျင်စီအနေနဲ့ ဘယ်လိုလုပ်ရပ်ကြောင့် အရေးယူခံရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပေမဲ့ ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေဆီက ငွေကြိုရယူပြီး အလုပ်မရှာပေးနိုင်တဲ့ ပြဿနာတွေ ရှိနေတာ ကြာပြီလို့ အဲဒီအေဂျင်စီနဲ့ ချိတ်ဆက်လုပ်ဖူးသူတချို့က ဆိုပါတယ်။

အလုပ်သမားတဦးက “အလုပ်မရှာပေးနိုင်ဘဲ ဝန်ဆောင်ခတွေယူထားလို့ ပြဿနာတွေ ရှိနေတာတော့ ကြားတယ်။ ခံရတဲ့သူ တော်တော်များများက မတိုင်ရဲ၊ မပြောရဲကြဘူး” လို့ ပြောပါတယ်။

လိုင်စင် ရာသက်ပန်ပိတ်သိမ်းခံရပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ Myint Mo Phue Pwint အေဂျင်စီကို ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်အာဏာသိမ်းကာလမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆ ခုဟာ လိုင်စင် ရာသက်ပန် ပိတ်သိမ်းခံထားရပြီး အခုလို အမှုဖွင့် အရေးယူတာမျိုး အရင်က မရှိခဲ့ဘူးလို့ အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။

လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ ၄၀၀ နီးပါးရှိပြီး လစဥ် အလုပ်သမားထောင်ချီ ပြည်ပနိုင်ငံတွေဆီ စေလွှတ်နေတယ်လို့ အလုပ်သမားရေးရာ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013