
သြစတြေးလျနိုင်ငံရှိ ဝေးလံခေါင်သီတဲ့ သတ္တုတွင်းလုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်ဆိုပြီး ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံး သံသတ္တုရိုင်း တူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ သြစတြေးလျအခြေစိုက် Fortescue ကုမ္ပဏီ ကို ဇွန် ၂၅ ရက်မှာ စုပေါင်းတရားစွဲဆိုခဲ့ပါတယ်။
ဒီအမှုကို JGA Saddler ဥပဒေရေးရာကုမ္ပဏီက စွဲဆိုခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် နှောင်းပိုင်းကလည်း ရီယိုတင်နိုနဲ့ BHP သတ္တုတွင်းကုမ္ပဏီကြီးတွေကို အလားတူ စုပေါင်းတရားစွဲဆိုမှုတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီအမှုတွေကတော့ အခုထိ ရုံးတော်မှာ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။
JGA Saddler ရဲ့ အမှုလိုက်ရှေ့နေ ပဲရစ်စ် ဟမ်းမရေးက “အမျိုးသမီးလုပ်သားတွေက Fortescue သတ္တုတွင်း လုပ်ငန်းခွင်တွေမှာ သူတို့ မလုံခြုံဘူးလို့ အကြိမ်ကြိမ် ပြောနေကြတယ်” လို့ ပြောပါတယ်။
Fortescue ဟာ အမျိုးသမီးလုပ်သားတွေအပေါ် ဆယ်စုနှစ်ချီ တာဝန်မဲ့နေခဲ့တာဖြစ်ပြီး ဝန်ထမ်းအိမ်ရာတွေမှာပါ အခြေအနေတွေ ပိုဆိုးလာကြောင်းလည်း ဟမ်းမရေးက ထောက်ပြခဲ့ပါတယ်။
ဒီလိုအပြုအမူမျိုးတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့တာ ဒါ ပထမဆုံးအကြိမ် မဟုတ်ကြောင်းနဲ့ ဒီအမျိုးသမီးတွေအနေနဲ့ တရားရုံးမှာ ထိုက်ထိုက်တန်တန် ရင်ဆိုင်ခွင့်ရဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေက အဖြစ်အပျက်တွေကို တိုင်ကြားတဲ့အခါ ထိထိရောက်ရောက် အရေးမယူဘဲ ရာထူးချခြင်း၊ အလုပ်ထုတ်ခြင်း၊ နှုတ်ပိတ်ခြင်း သို့မဟုတ် လုပ်ငန်းနယ်ပယ် တခုလုံးကနေ နာမည်ပျက်စာရင်းသွင်းခြင်းတို့ကိုသာ ပြန်လည်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေက အဖြစ်အပျက်တွေကို တိုင်ကြားတဲ့အခါ သူတို့ဟာ ရာထူးချခံရတာ၊ ထုတ်ပယ်ခံရတာ၊ တိတ်ဆိတ်သွားတာ ဒါမှမဟုတ် လုပ်ငန်းကနေ နာမည်ပျက်စာရင်း သွင်းခံရတာတို့ကို ပြန်လည်ရင်ဆိုင်နေရတယ်လို့ ဟမ်းမရေးက ပြောပါတယ်။
သြစတြေးလျနိုင်ငံဟာ ကမ္ဘာ့သံသတ္တုရိုင်း အများဆုံးထုတ်လုပ်ပြီး ဝေးလံခေါင်သီတဲ့ သတ္တုတွင်းတွေကို FIFO (ပျံကျ) အလုပ်သမားတွေနဲ့ လည်ပတ်နေတာပါ။
လက်ရှိမှာ သတ္တုတွင်းလုပ်သားထုရဲ့ ၂၂ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး ဆယ်စုနှစ် အစပိုင်းက ၁၈ ရာခိုင်နှုန်းထက် တိုးတက်လာတာ ဖြစ်ပါတယ်။
Source: Reuters










