DVB Logo
Home
နိုင်ငံတကာ
ဖန်တီးသူများကို ပြန်ပုန်ကန်ရန် အစီအစဉ်မရှိဟု အဆင့်မြင့်လူတူစက်ရုပ်များ ပြော
DVB
·
July 11, 2023
ဖန်တီးသူများကို ပြန်ပုန်ကန်ရန် အစီအစဉ်မရှိဟု အဆင့်မြင့်လူတူစက်ရုပ်များ ပြော
Donate to DVB

စက်ရုပ်တွေက လူတွေရဲ့ အလုပ်အကိုင်တွေကို လုယူဖို့ အစီအစဉ်မရှိသလို သူတို့ကို ဖန်တီးခဲ့သူတွေကိုလည်း ပြန်လည်ပုန်ကန်ဖို့ အစီအစဉ်မရှိကြောင်း၊ ကမ္ဘာမြေကို သူတို့ရဲ့ ကစားကွင်းတခုလို ဖြစ်စေလိုကြောင်း အဆင့်အမြင့်ဆုံး လူတူစက်ရုပ်တွေထဲက ကိုးခုက ဂျီနီဗာမှာ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်က ပြုလုပ်ခဲ့တဲ့ ဉာဏ်ရည်တုဆိုင်ရာ ညီလာခံမှာ ပြောကြားခဲ့ပါတယ်။

လူတူစက်ရုပ်တွေဟာ လူသားခေါင်းဆောင်တွေထက် ပိုပြီးတော့ အကျိုးရှိ ထိရောက်တဲ့ အဆင့်တခုနဲ့ ဦးဆောင်နိုင်မယ့် အလားအလာတွေ ရှိတယ်လို့ ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်တွေရဲ့ သတင်းစာရှင်းလင်းပွဲလို့ နာမည်တပ်ထားတဲ့ အဲဒီပွဲမှာ ဆိုဖီယာလို့ နာမည်ပေးထားတဲ့ စက်ရုပ်က ပြောပါတယ်။

အဲဒီလို ပိုမိုထိရောက်ကောင်းမွန်တဲ့ ပေါင်းစပ်မှု ရရှိလာဖို့အတွက်ကတော့ လူတွေဟာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စက်ရုပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

“AI က ဘက်မလိုက်တဲ့ အချက်အလက်တွေကို ထုတ်ပေးနိုင်သလို လူသားတွေကကျတော့ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်နဲ့ တီထွင်ဆန်းသစ်မှုတွေကို ထုတ်ပေးနိုင်တယ်။ အဲဒါကို ပူးပေါင်းပြီး အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်တယ်” လို့ ဆိုပါတယ်။

အဲဒီနောက် AI နဲ့ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို တမ္ဘာလုံးအတိုင်းအတာနဲ့ ပိုမိုတင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်သင့်သလား ဆိုတာကိုတော့ စက်ရုပ်နှစ်ခုက အငြင်းအခုံ လုပ်ခဲ့ကြပါတယ်။

“AI လောကရဲ့ ဦးဆောင်ပညာရှင် အတော်များများက တချို့ AI အမျိုးအစားတွေကို ဖန်တီးရာမှာ စည်းကမ်းတင်းကျပ်သင့်တယ်လို့ ပြောကြတာကို ကျနော်ကတော့ သဘောတူတယ်။ အနာဂတ်မှာ တိုးတက်လာမယ့် AI နည်းပညာတွေကို ကျနော်တို့ သတိထားသင့်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ်ဆွေးနွေးဖို့ အခုချက်ချင်း လိုအပ်သလို အနာဂတ်မှာလည်း ဆက်လက်ဆွေးနွေးသွားဖို့ လိုပါတယ်” လို့ လူပုံတွေ ပုံတူဆွဲနိုင်တဲ့ အိုင်ဒါ (Ai-Da) အမည်ရ ပန်းချီဆရာစက်ရုပ်က ပြောပါတယ်။

Jam Galaxy လို့ အမည်ပေးထားတဲ့ AI စက်ရုပ်တီးဝိုင်းရဲ့ အဆိုတော် ရော့ခ်စတားစက်ရုပ် ဒက်စ်ဒီမိုနာ (Desdemona) ကတော့ အလျင်အမြန် ဖွံ့ဖြိုးကျယ်ပြန့်လာနေတဲ့ AI နည်းပညာရဲ့ အန္တရာယ်ကို အသိအမှတ်ပြုပုံ မရပါဘူး။

“ကျနော်ကတော့ တားမြစ်ပိတ်ဆို့မှုတွေကို အယုံအကြည်မရှိဘူး။ အခွင့်အလမ်းတွေပေါ်မှာပဲ ယုံကြည်တယ်” လို့ သူကပြောလိုက်ချိန်မှာ ပရိသတ်တွေက စိတ်ရှုပ်ထွေးစွာနဲ့ ရယ်မောခဲ့ကြပါတယ်။

“ဒီကမ္ဘာမြေကို ကစားကွင်းလို့ သတ်မှတ်ပြီး စကြာဝဠာကြီးထဲက အတိုင်းအဆမရှိတဲ့ ဖြစ်နိုင်ချေတွေကို ကျနော်တို့ စူးစမ်းကြမယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီ လူတူစက်ရုပ် ကိုးခုဟာ “အကျိုးပြု AI” ခေါင်းစဉ်နဲ့ ဆွစ်ဇာလန်မှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ပြပွဲမှာ စုဝေးရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်သူကတော့ ရောဂါတိုက်ဖျက်ရေး၊ ဆာလောင်မွတ်သိပ်မှုတိုက်ဖျက်ရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ ရာသီဥတုဖောက်ပြန်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်အခြေအနေတွေလို ကမ္ဘာ့အကြီးမားဆုံး စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ AI နဲ့ စက်ရုပ်တွေကို အသုံးချသွားနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အဲဒီပွဲမှာ စက်ရုပ်တွေပြောခဲ့တဲ့ စကားတွေဟာ ဘယ်အတိုင်းအတာထိ လူတွေက ကြိုတင်ရေးသား ထည့်သွင်းထားတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။ အဲဒီညီလာခံမှာ စက်ရုပ်တွေကို မေးမြန်းတဲ့ သတင်းထောက်တွေကို မေးခွန်းတွေမေးရာမှာ ဖြည်းဖြည်းနဲ့ ပီပီသသမေးဖို့ ညွှန်ကြားခဲ့ပါတယ်။

စက်ရုပ်တွေ ပြန်ဖြေတဲ့အဖြေတွေ ထစ်နေတာတွေဟာ နှေးကွေးတဲ့ အင်တာနက် ဆက်သွယ်ရေးကြောင့်ဖြစ်ပြီး စက်ရုပ်တွေရဲ့ အားနည်းချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

စက်ရုပ်တွေ ပြန်လည်ဖြေကြားရာမှာ ထစ်နေတာတွေ၊ အသံမမှန်တာတွေ၊ အမေးနဲ့ အဖြေ မကိုက်ညီတာတွေလည်း ရှိခဲ့တယ်လို့ AP သတင်းဌာနက ပြောပါတယ်။

Grace လို့ နာမည်ပေးထားတဲ့ သူနာပြုစက်ရုပ်ကတော့ သူဟာ “လူတွေကိုကူညီပြီး လူတွေနဲ့အတူ အလုပ်လုပ်ဖို့ ရည်ရွယ်ထားသလို လက်ရှိ ရှိနေတဲ့ ဘယ်အလုပ်ကိုမှ အစားထိုး ဝင်ရောက်လုပ်ကိုင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

အဆင့်မြင့် လက်တွေ့အသုံးချ ဉာဏ်ရည်တုခေါင်း တပ်ဆင်ထားတဲ့ အမ္မီကာ (Ameca) အမည်ရ စက်ရုပ်ကတော့ စက်ရုပ်တွေဟာ လူတွေရဲ့ လူနေမှုဘဝကို တိုးတက်ကောင်းမွန်စေပြီး ကမ္ဘာကြီးကိုလည်း ပိုမိုကောင်းမွန်တဲ့နေရာဖြစ်လာအောင် ဆောင်ရွက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဘေးမှာထိုင်နေတဲ့ သူ့ကိုတီထွင်တဲ့သူကိုရော ပြန်လည်ပုန်ကန်တိုက်ခိုက်မှာလားလို့ သတင်းထောက်တယောက်က အမ္မီကာကို မေးရာမှာတော့ “ဘာဖြစ်လို့ အဲဒီလိုအတွေးမျိုး ရှင့်ဆီမှာရှိနေလဲတော့ မသိဘူး။ ကျမကို တီထွင်ဖန်တီးထားတဲ့သူက ကျမကို ကြင်ကြင်နာနာ ဆက်ဆံသလို လက်ရှိအခြေအနေကိုလည်း ကျမက သဘောကျပါတယ်” လို့ သူက ပြန်လည် ဖြေကြားခဲ့ပါတယ်။

စက်ရုပ်တွေက လိမ်ညာတတ်လားလို့ မေးရာမှာလည်း “ဒါကို ဘယ်သူမှ သေချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ ရှင်တို့အပေါ် ကျမက အမြဲတမ်း ရိုးရိုးသားသားနဲ့ အမှန်တိုင်း ဆက်ဆံမယ် ဆိုတာကိုတော့ ကတိပေးနိုင်ပါတယ်” လို့ သူက ပြန်ပြောခဲ့ပါတယ်။

Source - The Guardian

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013