DVB Logo
Home
မြန်မာသတင်း
စက်ရုံအချို့ တရက်လုပ်ခ ၅၆၀၀ ပေးမယ်ပြောပြီး ၄၈၀၀ ကျပ်သာ ပေးသဖြင့် အလုပ်သမားများ အခက်ကြုံ
DVB
·
July 10, 2023
စက်ရုံအချို့ တရက်လုပ်ခ ၅၆၀၀ ပေးမယ်ပြောပြီး ၄၈၀၀ ကျပ်သာ ပေးသဖြင့် အလုပ်သမားများ အခက်ကြုံ
Donate to DVB

ရန်ကုန်မြို့က စက်ရုံတချို့ဟာ တရက်လုပ်ခ ၅,၆၀၀ ကျပ်ပေးမယ်လို့ အသိပေးပြီးကာမှ လစာထုတ်ရာမှ မူလအတိုင်း ၄,၈၀၀ ကျပ်ဘဲ ဆက်ပြီးပေးချေနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စက်ရုံတွေအနေနဲ့ ဇွန်လမှာ တရက်လုပ်ခနှုန်းတွေ တိုးပေးမယ်ဆိုပြီး အသိပေးခဲ့ကြပေမယ့် အဲဒီထဲက စက်ရုံတချို့ကတော့ အသိပေးထားတဲ့အတိုင်း လုပ်ခတိုးပေးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတဦးက "ဇွန်လအတွက် လစာထုတ်တော့ ၄၈၀၀ ပဲ ဆက်ရလို့ဆိုပြီး အကြောင်းကြားလာတဲ့ စက်ရုံ နှစ်ရုံ၊ သုံးရုံရှိပြီ။ စက်ရုံဘက်က Ticket မပြည့်လို့ဆိုပြီး အကြောင်းပြတယ်။ နဂိုကတည်း အဲဒီလို ရှင်းရှင်းလင်းလင်းမပြောခဲ့ဘဲ လစာထုတ်မှ အလုပ်သမားတွေသိရတာ" လို့ ပြောပါတယ်။

အခုလို လုပ်ခတိုးမယ်လို့ မျှော်လင့်ထားပြီးမှ မျှော်မှန်းထားသလို မရတဲ့အတွက် အခက်အခဲတွေကြုံနေကြရတယ်လို့ စက်ရုံအလုပ်သမားတချို့က ပြောပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံလုပ်သားတဦးက "အသိတယောက်စက်ရုံမှာလည်း လုပ်ခတိုးပေးမယ်ပြောပြီး မတိုးပေးလို့ စိတ်ညစ်နေကြတယ်။ လစာပိုရမယ်ထင်ပြီး ငွေယူသုံးထားကြတာ" လို့ ပြောပါတယ်။

ရန်ကုန်မြို့က စက်ရုံတွေအနေနဲ့ တရက်လုပ်ခကြေးကို တိုးပေးမယ်ဆိုပြီး မေလလောက်ကတည်းက လုပ်သားစုဆောင်းတာတွေ ရှိခဲ့ပါတယ်။ တိုးပေးမယ့် ဒေးကြေးက တရုံနဲ့ တရုံ ကွာခြားမူရှိသလို အများစုက ၅၆၀၀ ကျပ်ပေးမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ တရားဝင်ကြေညာထားတဲ့ အနည်းဆုံးအခကြေးငွေဟာ ၄၈၀၀ ကျပ်ဖြစ်ပြီး အဲဒီနှုန်းထားဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သတ်မှတ်ထားခဲ့တဲ့နှုန်း ဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနူန်းနဲ့ အထွေထွေစရိတ်မြင့်တက်မှုတွေကြောင့် အ လုပ်သမားတွေက အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားကြပေမယ့် နိုင်ငံတော်အဆင့် တရားဝင်နှုန်းထားအသစ် ကြေညာတာမရှိဘဲ စက်ရုံတချို့က ကိုယ့်အစီစဥ်နဲ့ကိုယ် တိုးမြှင့်ပေးဖို့ စီစဥ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် စက်ရုံအများစုကတော့ လုပ်ခတိုးပေး လိုစိတ်မရှိသလို ဇွန်လက လုပ်ခတိုးပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံနှစ်ရုံကအလုပ်သမား ၁၀ ဦးကိုလည်း ဆူပူအောင် လှုံဆော်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံရေးပြစ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013