DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
July 10, 2023
ထိုင်းတောင်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရ
Donate to DVB

မလေးရှားနယ်စပ်၊ ထိုင်းတောင်ပိုင်းမှာ လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရဲ့ အထောက်အထား စာရွက်စာတမ်းတွေ အသိမ်းထားခံရပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကြုံနေရတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။

အလုပ်သမားတွေရဲ့ အထောက်အထားကို သိမ်းထားတဲ့အတွက် အလုပ်သစ် အလုပ်ရှင်အသစ် ပြောင်းခွင့် မရှိသလို ပတ်စ်ပို့ အသိမ်းခံထားရတာကြောင့် အိမ်ပြန်ခွင့်မရတဲ့ အလုပ်သမားတွေလည်း ရှိတယ်လို့ ထိုင်းတောင်ပိုင်း၊ ဟတ်ရိုင်မြို့ တာဝန်ခံ အလုပ်သမားအရေး လုပ်ဆောင်သူက ပြောပါတယ်။

"ထိုင်းတောင်ပိုင်းမှာ အခွင့်အရေး ချိုးဖောက်ခံနေရတာ အဓိကက အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ စာရွက်စာတမ်းတွေပေါ့။ အလုပ်သမားတွေမှာ ရှိတဲ့ စီအိုင်စာအုပ်တွေရယ်၊ MoU လုပ်သားတွေကအစ အခွင့်အရေး ချိုးဖောက်ခံနေရတာ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ အလုပ်သမား အများစုကတော့ ကျနော်တို့ ပတ်စ်ပို့တွေ သိမ်းထားခံရတယ်။ သိမ်းထားခံရတော့ အလုပ်သမားတွေက အဆင်မပြေတော့ အလုပ်က ထွက်မယ်ဆိုရင် အလုပ်ရှင်က စာရွက်စာတမ်းတွေ ထုတ်မပေးဘူး။"

Labour Rights Foundation ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက "ပတ်တနီမှာဆို လှေလုပ်သားတွေ ပတ်စ်ပို့ စာအုပ်တွေ သိမ်းထားခံထိတယ်။ လုပ်သက် ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ် ကြာတဲ့အခါ မြန်မာနိုင်ငံ ပြန်ဖို့ ပတ်စ်ပို့ ပြန်တောင်းတဲ့အခါ အလုပ်ရှင်တွေက ထုတ်မပေးဘဲ ကိုယ်ထိလက်ရောက် တုတ်နဲ့ ရိုက်တာတွေ၊ သို့မဟုတ် အခြား လူမိုက်တွေ ငှားပြီး ညှဉ်းပန်းနှိပ်စက်တာတွေ ရိုက်ခိုင်းတာတွေ၊ ခြိမ်းခြောက်တာတွေ အများကြီး ကြုံတွေ့ရတယ်။ အဲ့လို လုပ်ခံရတဲ့အတွက် ဒီအလုပ်သမားတွေက အိမ်ပြန်ခွင့်မရဘူး။ မရဘဲ လှေလုပ်သားက ရှားပါးတဲ့အတွက် ၆ လလောက် လုပ်ပေးပါ။ တနှစ်လောက် လုပ်ပေးပါဆိုပြီး အလုပ်ရှင်တွေက အတင်းအဓမ္မခိုင်းစေတဲ့ သဘောရှိတယ်။ ကျနော်တို့ အလုပ်သမား အဖွဲ့အစည်းတွေ တိုင်ကြားတဲ့အခါ ကျနော်တို့ ဖြေရှင်းပေးရတာတွေရှိတယ်။ ပတ်စ်ပို့ စာရွက်စာတမ်းတွေ၊ ဘဏ်စာအုပ်တွေ၊ အေတီအမ်ကတ်တွေက အစက သိမ်းဆည်းထားတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ ပတ်သက်လို့ တချို့ အလုပ်ရှင်တွေက အလုပ်သမားတွေကို မှန်မှန်ကန်ကန် လုပ်အားခ ထည့်ပေးပေမယ့် တချို့က ၃ လတကြိမ် တချို့က ၆ လမှ တကြိမ် ရှင်းပေးတဲ့ ပြဿနာတွေလည်း ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ပတ်တနီ ပြည်နယ်က လှေလုပ်သားတွေဟာ အလုပ်သမားအခွင်အ့ရေး ချိုးဖောက်ခံရမှု အများဆုံးကြုံရပြီး လှေမိုးသားလို့ ခေါ်တဲ့ အလုပ်ခေါ်ပွဲစားတွေရဲ့ အနိုင်ကျင့် နှိပ်စက်မှုတွေလည်း ရှိတယ်လို့ အဲဒီဒေသကို သွားရောက်ခဲ့တဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "အဲ့မှာတော့ တော်တော် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတယ်။ လှေသူကြီး လှေပိုင်ရှင်က လှေပဲ စိုက်တယ်။ ငါးဖမ်းဖို့ ပိုက် ကိုယ့်ဘာကိုယ် ဝယ်ရတယ်။ ပျက်စီးရင် ကိုယ့်ဘာကိုယ် ဖာရတယ်။ လှေပိုင်ရှင်က မပေးဘူး။ ဆုန်ခလာပြည်နယ် ကျနဆိုတဲ့ မြို့နယ်ခွဲလေး။ အဲ့မှာ တွေ့ရတယ်။ တူညီတဲ့ အချက်က လှေမိုးသား၊ အလုပ်ခေါ်ပွဲစားတွေ၊ သူတို့က လှေအလုပ်လုပ်ချင်တဲ့သူတွေကို မြန်မာနိုင်ငံကနေ စုတယ်။ ရခိုင်၊ ထားဝယ်၊ မွန်၊ ကရင်၊ မြန်မာ တိုင်းရင်းသားတွေကို ခေါ်တယ်။ လှေမိုးသားတွေက လက်ဝါးကြီးအုပ်တဲ့သူတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့သူတွေ၊ အဓိက ဂုတ်သွေးစုပ်တဲ့သူတွေ ဖြစ်လာတယ်။ ထိုင်းလုပ်ငန်းရှင်တွေက ဥပဒေတွင်းက ဂုတ်သွေးစုတ်တာ။ လှေမိုးသားတွေ အလုပ်သမားတွေကို နိုင့်ထက်ကလူပြုမူတာ။ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ၊ မြေအောက်ခန်းထဲမှာ အငတ်ထားတာ အဲလို့ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လှေမိုးသားတွေက နှိပ်စက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တာ အမှန်ပါပဲ"လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းတောင်ပိုင်း ဆုံခလာခရိုင်မှာ သစ်စက်၊ ငါးသေတ္တာလုပ်ငန်း၊ ပုစွန်စက်ရုံ၊ ရာဘာခြံ၊ စက်ရုံ အလုပ်ရုံ စတဲ့ အလုပ်တွေကို အဓိက လုပ်ကိုင်ကြပြီး ပတ်တနီမှာတော့ ပင်လယ်အစားအစာ ထုတ်လုပ်ရေးနဲ့ လှေလုပ်သား အလုပ်တွေ ပိုများတယ်လို့ သိရပါတယ်။

ပတ်တနီ ပြည်နယ်မှာ လှေလုပ်သား ၁၀၀၀၀ ဝန်းကျင်ရှိပြီး အများဆုံးက မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကာ ကမ္ဘောဒီးယား လှေလုပ်သား ၁၀၀ ကျော်လည်း ပါဝင်ပါတယ်။ လှေလုပ်သားတွေထဲမှာ အများစုက ရခိုင် တိုင်းရင်းသားတွေ ဖြစ်ပြီး ထားဝယ်၊ မွန်၊ ကရင်နဲ့ မြန်မာ တိုင်းရင်းသားတွေလည်း ရှိပါတယ်။

မလေးရှားနယ်စပ်၊ ထိုင်းနိုင်ငံ တောင်ပိုင်းက ဆုန်ခလာ၊ ပတ်တနီနဲ့ ယာလာ ပြည်နယ်တွေဟာ အန္တရာယ်ရှိတဲ့ နယ်မြေတွေလို့ ထိုင်းအစိုးရ ထိုင်းလုံခြုံရေးကောင်စီက သတ်မှတ်ထားပြီး အဲဒီ ပြည်နယ်တွေမှာ လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၆၀၀၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013