DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ် ၅ သန်းကျော် အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံနေရ
DVB
·
May 24, 2025
မြန်မာကလေးငယ် ၅ သန်းကျော် အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံနေရ
Donate to DVB

မြန်မာနိုင်ငံမှာ အသက် ၁၈ အောက် ကလေး ၅ သန်းကျော်က ပညာသင်ခွင့် အခွင့်အလမ်းတွေ ဆုံးရှုံးတာအပြင် အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံရတာတွေ တွေ့ကြုံခံစားနေရတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ကလေးတွေ အိမ်ပြန်နိုင်ဖို့၊ ရာဇဝတ်မှုခံနေရတဲ့ကလေးတွေကို သတိတရရှိဖို့နဲ့ ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ကလေးတွေကို ဆက်လက်ရှာဖွေဖို့ ကြိုးပမ်းတဲ့နေ့အဖြစ် နှစ်စဉ် မေ ၂၅ ရက်ကို အပြည်ပြည်ဆိုင်ရာ ပျောက်ဆုံးနေသောကလေးများနေ့အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အသက် ၁၈ အောက်ကလေး ကလေး ၅ သန်းကျော်က ပညာသင်ခွင့် အခွင့်အလမ်းတွေကို ဆုံးရှုံးနေရပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရတာ၊ အသက်မပြည့်ခင် ဒါမှမဟုတ် အတင်းအကျပ် လက်ထပ်ထိမ်းမြားခံရတာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာနဲ့ အလွဲသုံးစားခံရတာ စတဲ့ အခွင့်အရေးချိုး ဖောက်မှုများကို တွေ့ကြုံခံစားနေရတာဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “မြန်မာနိုင်ငံက ကလေးတွေက အကြောင်း အမျိုးမျိုးနဲ့ပျောက်ဆုံးနေတာကို ရင်ဆိုင်နေရပါတယ်။ စစ်ပွဲတွေကြောင့် မိတကွဲဖတကွဲနဲ့ မိဘဘယ်ရောက်လို့ ရောက်မှန်းမသိ သားသမီးတွေ ဘယ်ရောက်လို့ ရောက်မှန်းမသိ ပျောက်ဆုံးနေရတဲ့ ဘဝတွေရှိသလို နိုင်ငံရေး အခြေအနေ လူ့အခွင့်ချိုးဖောက်မှုအခြေအနေ စီးပွားရေးအခြေအနေတွေကြောင့် မသမာသူတွေရဲ့ လက်ထဲရောက်ပြီး လူကုန်ကူးခံရတာ အဲဒီကမှ တဆင့် လိင်လုပ်ငန်းတွေ ကလေးစစ်သားတွေ ကလေးအလုပ်သမားတွေအဖြစ် သတင်းပဲကြားပြီး ပျောက်ဆုံးနေရတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်။ ဒီလိုအနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကလေးတွေပျောက်ဆုံးတာက တိုင်းပြည်ရဲ့ အနာဂတ်ပျောက်ဆုံးခြင်းလို့ ပြောလည်း မမှားပါဘူး။ တချိန်တည်းမှာတင် အနာဂတ်ကို ကလေးတွေ လက်ထဲပေးအပ်ပြီး လှပတဲ့ကမ္ဘာကြီးကို ထူထောင်မယ်လို့ စိတ်ကူးပြင်ဆင်ထားတဲ့လူတွေရဲ့  အိပ်မက် ပျောက်ဆုံးခြင်းလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

ရန်ကုန်အပါအဝင် မြို့ပြကျေးလက်နေရာအနှံ့မှာ ကလေးတွေပျောက်ဆုံးနေမှုက ပိုမို အဖြစ်များ နေပြီး တချို့ ပျောက်ဆုံးကလေးတွေကတော့ ပြန်ရှာတွေ့တာရှိသလို တချို့ကလေးတွေကတော့ အခုချိန်ထိတိုင် ပျောက်ဆုံး နေဆဲလည်းဖြစ်ပါတယ်။

မေ ၁၆ ရက်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ  ကလေး မိခင်နဲ့ရင်းနှီးတဲ့ လူငယ်တယောက်က  ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် ၁၀ နှစ်အောက် မိန်းကလေးငယ် တယောက်ကို  ခေါ်ဆောင်သွားလို့ ပျောက်ဆုံးနေကြောင်း လိုက်လံကူညီပေးသူက ပြောပါတယ်။

ကူညီပေးသူတယောက်က “ဖြစ်စဉ်ဖြစ်တဲ့နေ့ မနက် ၇ နာရီလောက်ကစပြီး ကလေးတွေက အိမ်ရှေ့မှာ ဆော့နေတာ ၉ နာရီလောက်မှာ အဲဒီကောင်က ရောက်လာတယ်တဲ့၊ ရောက်လာပြီး ငါ တီဗီအဟောင်းတွေ အစုတ်တွေ ပေးမယ်ဆိုပြီးတော့ ကလေးမလေးရဲ့ အစ်ကိုဖြစ်သူကို ပြောတယ်။ အဲဒီကလေးက သားလိုက်ခဲ့မယ်ပြောတော့ ကလေးမလေးက ညီမလေးလည်းလိုက်မယ်ဆိုတော့ သူ့အစ်ကိုက လိုက်ခဲ့ပြောတော့ ၁၀ နှစ် ကလေးနဲ့ ၈ နှစ်ကလေး မောင်နှမနှစ်ယောက်က  လိုက်သွားတာ။ ပျောက်သွားတယ်။ မနေ့က အစ်မတို့ သတင်းရရချင်းပဲ တခါတည်းလိုက်တာ တရားခံက ဒီရပ်စောက်က မဟုတ်ဘူး၊  အမရပူရကလို့တော့ပြောတယ်၊ သူ့အဖေလည်း လိုက်ရှာတယ်၊  သူ့အဖေကတော့ အမှုဖွင့်တယ် ပျောက်ဆုံးမှုနဲ့ အမှုဖွင့်ထားတယ်”လို့ ပြောပါတယ်။

အကြောင်းအမျိုးမျိုးကြောင်း ကလေးတွေ ပျောက်ဆုံးနေရတဲ့အတွက် ကလေးရှိတဲ့ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကလည်းပိုတိုးလာနေပါတယ်။

ရန်ကုန်မြို့နေ ကလေးမိခင်တယောက်က “ကလေးတွေပျောက်နေတယ်ဆိုတာ ကြားနေရတယ်လေ။ ရန်ကုန်မှာရော နယ်ဘက်တွေမှာရော  အန်တီမှာလည်း သမီးလေးရှိတယ်လေ။  ကလေးက  အခုမှ ၁၂ နှစ် အရွယ်ပဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နားသွားသွားစိတ်ပူပန် နေရတယ်၊ စိတ်လုံခြုံမှုမရှိတော့ဘူး။ စိတ်ချရတဲ့ အနေအထား မဟုတ်တော့ တယောက်တည်းဆို မလွှတ်ရဲဘူး။ ကလေးတွေပျောက်ဆုံးနေတဲ့ မိခင်တွေအတွက်လည်း တော်တော်ကြီးကိုစိတ်မကောင်းဖြစ်မိတယ်။

မျိုးဆက်သစ် ကလေးလေးတွေလေ သူတို့ အနာဂတ်တွေက အများကြီးပဲ၊ လမ်းတွေပျောက်ကုန်တာပေါ့။ မိဘတွေ အနေနဲ့သားသမီးအနေနဲ့ ကလေးတွေအတွက်ရောပဲ ဘာမှလုံခြုံမှု မရှိ အာမခံချက်မရှိ နေနေရတဲ့အတွက် တော်တော်ကြီးကို စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃ သန်းခွဲရဲ့  ၃၃ ရာခိုင်နှူန်းကျော်က ကလေးတွေဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပဋိပက္ခတွေကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါက တရက်ကို ကလေး ၂ ယောက်ထက်ပိုပြီး သေဆုံး၊ ဒဏ်ရာရရှိနေတာပဲဖြစ်ပါတယ်။ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရတဲ့ အသက် ၁၈ နှစ်အောက် ကလေးသူငယ်  ၂၈ ယောက်နဲ့ ကလေးစစ်သားအဖြစ်စုဆောင်းခံရတဲ့ ကလေးသူငယ် ၄၈ ယောက် ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013