DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်ဆေးရုံတွင် မွေးသည့် မြန်မာကလေးငယ်များ အခမဲ့ကျန်းမာရေးဆေးကုသခွင့်မရ
DVB
·
December 20, 2024
ထိုင်းနယ်စပ်ဆေးရုံတွင် မွေးသည့် မြန်မာကလေးငယ်များ အခမဲ့ကျန်းမာရေးဆေးကုသခွင့်မရ
Donate to DVB

ထိုင်းနယ်စပ်ရှိ ဆေးရုံတွေမှာ မွေးဖွားတဲ့ မြန်မာကလေးငယ်တွေဟာ ထိုင်းနိုင်ငံက သတ်မှတ်ထားတဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်မရကြဘူးလို့ ထိုင်းကျန်းမာရေးလုံခြုံမှုဌာန (NHSO) က ပြောကြားခဲ့တဲ့အကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

ထိုင်းနယ်စပ်ဆေးရုံတွေမှာ မွေးဖွားတဲ့ မြန်မာကလေးငယ်တွေကို ကိန်းဂဏန်း ၁၃ လုံးပါ မွေးစာရင်း သက်သေခံအထောက်အထားနံပါတ် ထုတ်ပေးထားပေမဲ့ အဲဒီအထောက်အထားထဲမှာ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ ရွှေ့ပြောင်းကလေးငယ်အနေနဲ့သာ ရှင်းရှင်းလင်းလင်း သတ်မှတ် ဖော်ပြထားပြီး ထိုင်းနိုင်ငံသားအနေနဲ့ သတ်မှတ်ထားတာ မရှိဘူးလို့လည်း NHSO အတွင်းရေးမှူးချုပ် ဒေါက်တာ ဂျဒေထမ်မထတ်ကျာရီက ပြောပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်တွေ ရရှိဖို့အတွက် နယ်စပ်ရှိ ထိုင်းဆေးရုံတွေမှာ တမင်သက်သက် လာရောက် ကလေးမွေးဖွားကြတဲ့ မြန်မာကိုယ်ဝန်ဆောင်မိခင် အရေအတွက် မြင့်တက်လာမှုနဲ့ ပတ်သက်ပြီး ထိုင်းမီဒီယာတွေရဲ့ အစီရင်ခံဖော်ပြမှုတွေအပေါ် ဒေါက်တာ ဂျဒေက တုံ့ပြန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒေါက်တာာဂျဒေက   “Tho 99 Right Fund ဆိုတာက ထိုင်းနိုင်ငံမှာ အခွန်ဆောင် နေထိုင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေနဲ့သာ သက်ဆိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့သက်သက်နဲ့ ထိုင်းနယ်စပ်ဆေးရုံကို လာရောက်မွေးဖွားတဲ့ မြန်မာမိခင်တွေရဲ့ ကလေးငယ်တွေနဲ့ သက်ဆိုင်မှုမရှိဘူး” လို့ ပြောပါတယ်။

Tho 99 Right Fund လို့ခေါ်တဲ့ ရန်ပုံငွေထောက်ပံ့ရေး အစီအစဉ်ဆိုတာကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မွေးကင်းစ ကလေးငယ်တွေအတွက် လူမှုဖူလုံရေးနဲ့ မီးဖွားစရိတ် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၀ ခုနှစ်က အစိုးရအဖွဲ့စည်းအဝေးမှာ အတည်ပြုခဲ့တဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

ထိုင်းအစိုးရအနေနဲ့ Tho 99 Right Fund မှာ အကျုံးဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် နှစ်စဉ် ဘတ်ငွေ ၂ ဘီလီယံကနေ ၃ ဘီလီယံအထိ ကျခံသုံးစွဲနေရပြီး ဒီအစီအစဉ်နဲ့ သက်ဆိုင်မှုမရှိတဲ့ ပြည်ပနိုင်ငံသားတွေကတော့ ဆေးကုသမှု ကုန်ကျစရိတ်တွေကို ကိုယ်တိုင်ကျခံသွားရမှာ ဖြစ်တယ်လို့ ဒေါက်တာဂျဒေက ဆက်ပြီး ပြောပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုဖတ်ကန်ကဝင်ဖုန်းကတော့ ထိုင်းနယ်စပ်ဆေးရုံတွေမှာ Tho 99 Right Fund နဲ့ အကျုံးဝင်မှုမရှိတဲ့ လူနာတွေအတွက် ထိုင်းအစိုးရက နိုင်ငံတော်ဘဏ္ဍာငွေတွေ အမြောက်အမြား သုံးစွဲနေရတယ်ဆိုတဲ့ ထိုင်းလူမျိုးတချို့ရဲ့ Drama-addict ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က ပြောဆိုချက်တွေကို ငြင်းဆိုခဲ့ပြီး ဒါဟာ လိုတာထက်ပိုပြီး ပုံကြီးချဲ့ပြောဆိုမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့နယ်စပ်ဆေးရုံတွေမှာ လူသားချင်းစာနာမှုအရ အခမဲ့ ဆေးဝါးကုသမှုတွေ ထောက်ပံ့ပေးနေတာကြောင့် ငွေရေးကြေးရေးအရ အရှုံးပြနေပေမဲ့ နယ်စယ်မှာရှိတဲ့ ဆေးရုံအားလုံး အရှုံးပေါ်နေတာ မဟုတ်ကြောင်း၊ မဲဆောက်ဆေးရုံလို တခြား နယ်စပ်ဆေးရုံတွေဟာ မြန်မာလူနာတွေရဲ့ ဆေးဝါးကုသစရိတ်တွေနဲ့ ရပ်တည်လည်ပတ်နေတဲ့ အကြောင်း အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုဖတ်က ထောက်ပြပါတယ်။

ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ မြန်မာကလေးငယ်တွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ ခံစားခွင့်ရှိတဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အကျုံးဝင်မှု မရှိပေမဲ့လည်း အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရည်ရွယ်ဖော်ဆောင်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်မှာ ပါဝင်တဲ့ ကျန်းမာရေး အာမခံဝန်ဆောင်မှုတွေကိုတော့ ခံစားခွင့်ရှိတယ်လို့ ကျန်းမာရေးလုပ်သားတယောက်က Drama-addict ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာမှာ ပြောကြားထားပါတယ်။

နောက်ပြီး ထိုင်းနိုင်ငံမှာ လမစေ့ဘဲ မွေးမွားတဲ့ ကလေးငယ်တွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ အသက်ကယ် ဆေးဝါးကုသရေး ခံယူနိုင်ခွင့် ရှိတယ်လို့လည်း ဒေါက်တာ အိုဖတ်က ထပ်ပြီး ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့လက ထိုင်းနယ်စပ်ဆေးရုံတွေမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေးငယ် အရေအတွက်ဟာ ၁၆၀ ဝန်းကျင် ရှိခဲ့ပြီး ထိုင်းကလေးငယ် မွေးဖွားမှုက အယောက် ၈၀ သာ ရှိခဲ့တာ ဖြစ်ပါတယ်။

Source: Bangkok Post 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013