DVB Logo
Home
Lead Story
မက်ဆီ၏စံချိန်တင်သွင်းဂိုးများဖြင့် အာဂျင်တီးနားအသင်းက ဩစတြီးယားကိုအနိုင်ရ 
DVB
·
June 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (J) ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ဩစတြီးယားအသင်းတို့ အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ ဒေသစံတော်ချိန် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အာဂျင်တီးနားက (၂-၀) ဂိုးနဲ့ အနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်သွား ပါတယ်။

ဒီပွဲမှာ လီယွန်နယ်မက်ဆီက ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ နောက်ပိုင်းမှာ  ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး   ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ဒီပွဲပထမပိုင်း ၉ မိနစ်မှာ လာအူတာရို မာတီနက်ဇ် အဖျက်ခံရလို့ VAR စစ်ဆေးပြီးနောက် ရရှိခဲ့တဲ့ပင်နယ်တီကို မက်ဆီကန်သွင်းရာမှာ တိုင်ဘေးကပ်ထွက်သွားပြီး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့  ဩစတြီးယားအသင်းဟာ အာဂျင်တီးနားအသင်းခေါင်းဆောင်ကို ကြာရှည် တားဆီးမထားနိုင်ခဲ့ဘဲ ပထမပိုင်း ၃၈ မိနစ်မှာပဲ မက်ဒီနာရဲ့ မြေစိုက်ဖြတ်တင်ဘောကနေတဆင့် မက်ဆီက သူ့ရဲ့အမှတ်အသားဖြစ်တဲ့ အဆုံးသတ် အပိုင်ကန်သွင်းမှုနဲ့ အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် မက်ဆီရဲ့ ၁၇ ဂိုးမြောက်ဂိုး ဖြစ်လာခဲ့ပြီး ဂျာမနီကစားသမား မိရိုဆလပ် ကလိုဆေးကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယပိုင်း မိနစ် ၉၀ ပြီးလို့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဒီပွဲရဲ့  ဒုတိယဂိုးကို မက်ဆီက ထပ်မံသွင်းယူခဲ့လို့ အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ ဟက်ထရစ်ရရှိခဲ့ပြီးနောက် အုပ်စုပွဲစဉ် ၂ ပွဲတည်းကနေ  သွင်းဂိုး စုစုပေါင်းကို ၅ ဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။

အသက် ၃၉ နှစ်ထဲဝင်တော့မဲ့ မက်ဆီဟာ ရာစုနှစ်ဝက်ကျော်အတွင်း ကမ္ဘာ့ဖလား ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂ ပွဲကစား ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့  အုပ်စု (J) ကို ဦးဆောင်နေပြီး ကမ္ဘာ့ဖလားကို ကာကွယ်ဖို့ အုပ်စုပထမနဲ့ နောက်တဆင့် တက်ရောက်ဖို့ သေချာသလောက် ရှိနေပါပြီ။

အဖွင့်ပွဲစဉ်မှာ ဂျော်ဒန်ကို အနိုင်ရထားတဲ့ ဩစတြီးယားအသင်းဟာ အားကြိုးမာန်တက် ကစားခဲ့ပေမဲ့  တိုက်စစ်ပိုင်း အဆုံးသတ်ပိုင်း လိုအပ်ချက်ရှိခဲ့ပြီး ရှုံးပွဲတွေ့ခဲ့ပေမဲ့ နောက်တဆင့်တက်ဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။ 

Source: SkySports/ BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013