
မန္တလေးတိုင်း မန္တလေးမြို့ပေါ်နဲ့ အနီးဝန်းကျင်ရပ်ကွက်တွေမှာ ကလေးငယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ မြို့ခံ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ဇူလိုင်လ အစပိုင်းမှာတင် ပျောက်ဆုံးနေတဲ့ ကလေးငယ် ၆ ယောက်ခန့်ရှိပြီး ၁၄ နှစ်နဲ့ ၈ နှစ်ကြား ကလေးငယ်တွေ ဖြစ်ပါတယ်။
ကလေးတွေကို အပြင်ထွက် စျေးဝယ်ခိုင်းချိန်၊ ကျောင်းသွားကျောင်းပြန်ချိန်တွေမှာ အများဆုံး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
မြို့ခံပရဟိတသမားတဦးက “ကျနော်တို့ကို လိုင်းပေါ်တင်ပေးဖို့ အကူအညီ လာတောင်းတာတင် ၅ ယောက် ၆ ယောက်ရှိတယ်။ သိရသလောက်ဆိုရင် ၁၀ ယောက် ကျော်ပြီ။ ပြန်တွေ့တာတွေရှိသလို မတွေ့သေးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဒုစရိုက်သမားတွေက ကလေးတွေကို လိမ်ညာခေါ်ယူပြီး ဝတ်ထားတဲ့ ရွှေထည်တွေ ချွတ်ယူတာတွေ ရှိတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
မန္တလေးမြို့ခံတဦးက “ကျနော်တို့အိမ်နားက ကလေးမလေးကို မိန်းမတယောက်က ဘုရားမှာ ယတြာချေမလို့ လိုက်ခဲ့ပေးဆိုပြီး မိဘတွေမသိခင် ခေါ်သွားတယ်။ ကလေးမှာပါတဲ့ ရွှေတွေကို ချော့တောင်းပြီး ကလေးကို ပစ်ထားခဲ့လို့ ပြန်တွေ့တာ။ ကလေးကို လူကြီးတွေက ဘာလို့ ရွှေတွေပေးလိုက်သလဲ မေးတော့ ကလေးက သူဘာကြောင့်ပေးလိုက်လဲ မသိဘူးတဲ့၊ တို့ဆေးတို့ပြီး ခေါ်တယ်လို့တော့ ပြောကြတာပဲ” လို့ ပြောပါတယ်။
ခေတ်ကာလမကောင်းတဲ့အချိန်မှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ကျောင်းသွား ကျောင်းပြန် ဂရုစိုက်ဖို့၊ ကလေးတွေကို အုပ်ထိန်းသူမပါဘဲ အပြင်မထွက်စေဖို့ မြို့ခံပရဟိတအဖွဲ့တွေက ပြောဆိုထားပါတယ်။











