DVB Logo
Home
မြန်မာသတင်း
စနစ်ဆိုးများကို တော်လှန်ခဲ့ကြသည့် ကျောင်းသား၊ လူငယ်များကို NUG ဦးညွတ်ဂုဏ်ပြု 
DVB
·
July 7, 2023
စနစ်ဆိုးများကို တော်လှန်ခဲ့ကြသည့် ကျောင်းသား၊ လူငယ်များကို NUG ဦးညွတ်ဂုဏ်ပြု 
Donate to DVB

လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် အသက်နဲ့ ဘဝကို ပဓာနမထားဘဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာနဲ့ စနစ်ဆိုးတွေကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသား သမဂ္ဂတွေအပါအဝင် ကျောင်းသား၊ လူငယ်၊ တော်လှန်ရေး ရဲဘော်အပေါင်းကို လေးစားစွာနဲ့ ဦးညွတ်ဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၇ ရက် ဒီကနေ့ ကျရောက်တဲ့ "၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ" မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေရဲ့ မတရားအနိုင်ကျင့်မှုကို ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလူငယ်ထုရဲ့ သွေး ရန်ကုန်တက္ကသိုလ်မြေပေါ် ကျခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် (၇. ၇. ၁၉၆၂) ကျောင်းသား အရေးတော်ပုံကြီးဟာ ၆၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၆၂ မတ် ၂ ရက်မှာ အာဏာရှင်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက လူထုရဲ့ တရားဝင်ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အကြမ်းဖက်အာဏာ သိမ်းယူကာ ရှိရင်းစွဲ တက္ကသိုလ်အက်ဥပဒေကို ရက်ပိုင်းအတွင်းမှာ ဖျက်သိမ်းပြီးတော့ တက္ကသိုလ်ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ လုပ်ရပ်တွေကို စတင်ခဲ့တာပါ။ စစ် အာဏာရှင်တို့က သူတို့ အာဏာတည်မြဲရေးအတွက် ပြဋ္ဌာန်းလိုက်တဲ့ တက္ကသိုလ်အက်ဥပဒေကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂတွေ အပါအဝင် ကျောင်းသားထုကြီးတရပ်လုံးက လက်မခံပဲ ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား အုံကြွဆန့်ကျင်ခဲ့ကြတာပါ။

အဲဒီနောက် စစ်အာဏာရှင် လက်ပါးစေတပ်တွေက သမိုင်းဝင်ပညာတတ် နိုင်ငံရေးခေါင်းဆောင်တွေ သန္ဓေတည် မွေးဖွားတဲ့ အမိရန်ကုန်တက္ကသိုလ်မြေမှာ ကျောင်းသားထုကြီးကို သွေးစွန်းစေခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ယုတ်မာရက်စက်စွာ ဗုံးခွဲဖြိုချဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် "အဆောက်အဦကိုသာဖြိုဖျက်လို့ရမယ် .. အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်လို့မရဘူး" ဆိုတဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ စကားနဲ့အညီ စစ်အာဏာရှင်နဲ့ လက်ပါးစေတပ်တွေက သမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြတာကို အခုနွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ လူငယ်ထုက သက်သေပြနေတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သမိုင်းခေတ်တွေအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးတဲ့ စစ်အာဏာရှင်တွေက တိုင်းပြည်အနာဂတ် ကျောင်းသားလူငယ်တွေကို အကြောင်းမဲ့ သတ်ဖြတ်ညှဉ်းပန်းမှုတွေအတိုင်း အခု ၂၁ ရာစုမှာလည်း အာဏာရှင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ရဟန်းရှင်လူကျောင်းသား ပြည်သူတရပ်လုံးအပေါ် ရက်စက်စွာ ညှဉ်းဆဲ သတ်ဖြတ်နေမှုတွေ ဆက်လက်ကျူးလွန်နေမြဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေသည့် လက်နက်နဲ့ အနိုင်ကျင့်သတ်ဖြတ်မှုကို အားပေးတဲ့ စစ်အာဏာသိမ်းမှုတွေကို အခုနွေဦးတော်လှန်ရေးမှာ အပြီးသတ် အမြစ်ဖြတ်ကာ နောင်အနာဂတ်မှာ ဘယ်လိုအာဏာရှင်မှ ထပ်မံပေါ်ပေါက်လာမှုမရှိစေရေးနဲ့ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ အပြစ်ပေးအရေးယူခံရမှု သေချာစေရေးတို့ကို ရည်မှန်းချက်ထားပြီး ခေတ်အဆက်ဆက် တော်လှန်ရဲရင့်ခဲ့တဲ့ ကျောင်းသားထုရဲ့ သမဂ္ဂစိတ်ဓာတ်၊ ပြည်သူလူထုတရပ်လုံးရဲ့ စိတ်ပိုင်းဖြတ်မှုတွေ၊ တိုင်းသားလူမျိုးပေါင်းစုံက တော်လှန်ရေး ခေါင်းဆောင်တွေအားလုံးရဲ့ အတွေ့အကြုံတို့နဲ့ ပေါင်းစပ်ကာ အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း NUG အစိုးရက သန္နိဋ္ဌာန်ပြုထားပါတယ်။

ဒီကနေ့မှာတော့ နိုင်ငံတဝန်း မြေပြင်သပိတ်အဖွဲ့တွေရော၊ တက်ကြွလှုပ်ရှားသူတွေကပါ စစ်အုပ်စုက ကြပ်မတ်ဖိနှိပ်မှုတွေကြားကနေ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ပြုလုပ်နေကြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013