DVB Logo
Home
မြန်မာသတင်း
မြန်မာတိုင်းရင်းသား ကလေးငယ် ၁၂၆ ဦးကို ထိုင်းက နေရပ်ပြန်ပို့မည့်အပေါ်  ကန့်ကွက်ရှုတ်ချ
DVB
·
July 7, 2023
မြန်မာတိုင်းရင်းသား ကလေးငယ် ၁၂၆ ဦးကို ထိုင်းက နေရပ်ပြန်ပို့မည့်အပေါ်  ကန့်ကွက်ရှုတ်ချ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အန်ထော်ခရိုင်ထဲက ထိုင်းရတ်ဝစ်ထယ (Thairath Wittaya) အမှတ် ၆ စာသင်ကျောင်းမှာ တက်ရောက်နေတဲ့  မြန်မာနိုင်ငံက တိုင်းရင်းသား အများစုအပါအဝင် ကလေးငယ် ၁၂၆ ယောက်ကို နေရပ်ပြန်ပို့မယ့် ထိုင်းအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို ပညာရှင်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs) တွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဒါရိုက်တာ တယောက်၊ စီမံအုပ်ချုပ်ရေးဝန်ထမ်းတယောက်နဲ့ ဆရာ နှစ်ယောက်ပဲရှိတဲ့ အဆိုပါ ကျောင်းကို တိုင်းရင်းသားကလေးငယ်တွေ အမြောက်အမြား လာရောက်အပ်နှံခဲ့ကြောင်း ဇွန်လ အစောပိုင်းမှာ ဒေသခံတွေက အာဏာပိုင်တွေဆီ သတင်းပို့တိုင်ကြားခဲ့ကြပါတယ်။

အဲဒီကလေးတွေထဲက အများစုဟာ ချင်းရိုင်းခရိုင်ထဲက မြန်မာ-ထိုင်း နယ်နိမိတ်ပေါ်မှာရှိတဲ့ မဲ့စလောင်းတောင်ပေါ်မှာရှိတဲ့ အာခါတိုင်းရင်းသားကျေးရွာကနေ လာခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာတော့ အဲဒီ ကလေးငယ် ၁၂၆ ယောက်လုံးကို ချင်းရိုင်ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲဒီကနေ သူတို့ရဲ့မိဘတွေက မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန၊ လူမှုဘဝဖွံ့ဖြိုးရေးဌာနနဲ့ တခြားဌာနဆိုင်ရာ အေဂျင်စီတွေက ပူးပေါင်းပြီး ကလေးတွေကို ပြန်ပို့ခဲ့ကြတာဖြစ်ပြီး သတင်းရစ်မြစ်တစ်ခုအရ ကလေးငယ် ၃၀ ကိုတော့ မိဘတွေက အိမ်ကို ပြန်ခေါ်ဆောင်သွားကြပြီလို့  သိရပါတယ်။

ကျန်ကလေးငယ်တွေကတော့ လူမှုဘဝဖွံ့ဖြိုးရေးနဲ့အာမခံဌာနမှာပဲ မြန်မာနိုင်ငံကို ပြန်ရဖို့ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

ထိုင်းမှာ နိုင်ငံမဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေဟာ တရားဝင် ပညာသင်ကြားခွင့် ရှိတာကြောင့် အခုလို လူနည်းစု တိုင်းရင်းသားကလေးငယ်တွေကို ပြန်လည်ပို့ဆောင်တာဟာ မသင့်လျော်သလို လိုလည်းမလိုအပ်ဘူးလို့ ချင်းမိုင်တက္ကသိုလ်ရဲ့ ဥပဒေဌာနမှာ ဒုအုပ်ချုပ်ရေးမှူးဖြစ်တဲ့ လက်ထောက်ပါမောက္ခ ဒါရူနီးပိုင်ဆန်ပနစ်ချ်ကူးလ်က ပြောပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးဌာနကနေ အဲဒီကလေးတွေကို အထောက်အထားမှတ်ပုံတင်လုပ်ပေးပြီး ထိုင်းမှာ ပညာသင်ကြားခွင့်ပေးထားသင့်တယ်လို့လည်း သူကပြောပါတယ်။

ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာတမ်းမှာလည်း ဘယ်လူမျိုးဖြစ်ပါစေ၊ ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ ကလေးသူငယ်တိုင်း ပညာသင်ကြားခွင့်ရရမယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ ဆွေမျိုးတွေရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ထိုင်းမှာပညာလာသင်တဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားကလေးငယ်တွေ အမြောက်အမြားရှိတယ်လို့ တိုင်းရင်းသားနဲ့ ရွှေ့ပြောင်းကလေးသူငယ်များအတွက် ဖွင့်လှစ်ထားတဲ့ ဖောင်ဒေးရှင်းတခုရဲ့ ဒါရိုက်တာဖြစ်သူ ဝီယယူလမ်က ပြောပါတယ်။

အခုလို တိုင်းရင်းသားကလေးငယ်တွေကို ပြန်ပို့တာဟာ ရက်စက်ရာကျပြီး သူတို့ရဲ့ ပညာရေးလမ်းကြောင်းကို ရပ်တန့်သွားစေတယ်လို့လည်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (NHRC)ရဲ့ အကြီးအကဲ ဝါဆန်ပိုင်လစ်လီကလည်း ဇွန်လကတည်းက ဒီတိုင်းရင်းသားကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို ကာကွယ်ပေးဖို့ အကူအညီတောင်းခံတာတွေ ရှိခဲ့တာကြောင့် ချင်းရိုင်မှာရှိတဲ့ အုပ်ချုပ်ရေးဌာနကကို NHRC က ဆက်သွယ်ပြီး ကလေးငယ်တွေလုံခြုံရေးနဲ့ ပညာသင်ကြားခွင့်ကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ပြောပါတယ်။

ထိုင်းရဲကတော့ ဒေသခံမဟုတ်တဲ့ နိုင်ငံခြားသားတွေကို ခေါ်ဆောင်လာပြီး တရားမဝင်နေထိုင်ခွင့် ပေးထားမှုနဲ့  Thairath Wittaya အမှတ် ၆ ကျောင်းက ကျောင်းအုပ်တယောက်၊ ဆရာတယောက်၊ ကျောင်းဝန်ထမ်းတယောက်နဲ့  ရွာလူကြီးနှစ်ယောက်တို့ကို အမှုဖွင့်တရားစွဲဆိုထားပါတယ်။

တရားစွဲဆိုခံရသူအားလုံးက ပြစ်မှုကို ငြင်းပယ်ပြီး ရင်ဆိုင်သွားကြမှာဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။

Ref: Bangkokpost

Photo-Thai PBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013