
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဖှော့ထ်ဟုဒ် စစ်စခန်းမှာ လူ ၁၃ ယောက်ကို ပစ်သတ်ခဲ့တဲ့ စစ်တပ် စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေနတ်ပစ်ကွပ်မျက်ရေးအဖွဲ့နဲ့ သေဒဏ်ပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမိန့်ပေးလိုက်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
အမေရိကန်ကြည်းတပ် ဗိုလ်မှူးဟောင်း နီဒယ်လ် ဟာဆန်ကို စစ်တပ်ရဲ့ သေနတ်ပစ်ကွပ်မျက်ရေးအဖွဲ့နဲ့ ကွပ်မျက်ဖို့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ရဲ့ အကြံပြုချက်အရ သမ္မတ ထရမ့်ပ်က အတည်ပြုပေးခဲ့တာလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က X လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
တာဝန်ထမ်းဆောင်ဆဲ လက်နက်မဲ့စစ်သည် ၁၂ ယောက်နဲ့ စစ်မှုထမ်းဟောင်းတယောက် သေဆုံးပြီး တခြားသူ ၃၂ ယောက် ဒဏ်ရာရရှိခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း ဟာဆန်က အာရဗီဘာသာနဲ့ “ဘုရားသခင်သာ အကြီးမြတ်ဆုံးဖြစ်တယ်” လို့ အဓိပ္ပာယ်ရတဲ့ “အလ္လာဟ် ဟူ အက်ကဘာ” လို့ အော်ဟစ်ခဲ့ကြောင်း ပါနဲလ်က ထောက်ပြ ပြောဆိုခဲ့ပါတယ်။
ကွပ်မျက်မဲ့ အချိန်နဲ့ နေရာကို ကြည်းတပ်ဝန်ကြီးက သတ်မှတ်ပေးမှာဖြစ်ပြီး “ဟာဆန်အတွက် တရားစီရင်မဲ့နေ့ ရောက်လာပါပြီ” လို့လည်း ပါနဲလ်က ဆိုပါတယ်။
ပြင်းထန်တဲ့ ဖက်ဒရယ်ပြစ်မှုတွေအတွက် ထရမ့်ပ် အစိုးရအဖွဲ့က မကြာသေးမီက ခွင့်ပြုခဲ့တဲ့ ကွပ်မျက်နည်းလမ်းတွေထဲမှာ သေနတ်ပစ်ကွပ်မျက်တာလည်း တခုအပါအဝင်ဖြစ်ပြီး အဲဒီအထဲမှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်တာ၊ ဓာတ်ငွေ့သွင်း ကွပ်မျက်တာတွေလည်း ပါဝင်ပါတယ်။
ဖက်ဒရယ်အဆင့် ကွပ်မျက်တဲ့နည်းလမ်းတွေကို အခုလို တိုးချဲ့ခဲ့ရတာဟာ အဆိပ်ဆေးထိုးပြီး သေဒဏ်ပေးရာမှာ လိုအပ်တဲ့ဆေးဝါးတွေ ရှာဖွေရ ခက်ခဲလာတာနဲ့ တခြားအကြောင်းရင်းတွေကြောင့် လက်တွေ့လုပ်ဆောင်ဖို့ အခက်အခဲ ရှိလာတာတွေလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။
Source: Reuters











