DVB Logo
Home
မြန်မာသတင်း
ဇွန်လအတွင်း စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး
DVB
·
July 6, 2023
ဇွန်လအတွင်း စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံး
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကိုင်းတိုင်းအတွင်း  ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခေါင်းဆောင် နှစ်ယောက် အပါအဝင် PDF တပ်ဖွဲ့ဝင် အနည်းဆုံး ၂၆ ယောက်အထိ ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီက တန်ပြန်ပြောက်ကျားစနစ်ကို ပြောင်းလဲသုံးစွဲလာသလို အဆင့်မြင့် နည်းပညာတွေနဲ့ ထောက်လှမ်းရေးလုပ်လာတာကြောင့် PDF တွေဘက်က အထိနာရတာလို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “အကြမ်းဖက်စစ်တပ်ဘက်က တန်ပြန်ပြောက်ကျားဗျူဟာ အပြောင်းအလဲလုပ်လာတာမျိုး တွေ့ရတယ်။ မြေပြင် သတင်းအချက်အလက် ထောက်လှမ်းတာကို သေချာလုပ်တယ်ပေါ့။ ပိုင်ပြီဆိုမှ ဝင်ပြီး စစ်ဆင်ရေးလုပ်တဲ့ ဗျူဟာမျိုးပေါ့။ ဒီလိုလုပ်လာတာမျိုး တွေ့ရပါတယ်။ တဖက်ကတော့ ကိုယ့်ရဲဘော်တွေဘက်က လုံခြုံမှုဆိုင်ရာ အတန်ငယ်များ ပေါ့လျော့အားနည်းမှုကြောင့်လား ပေါ့နော်။ စစ်တပ်ဘက်က နည်းပညာအကူအညီသုံးပြီး သတင်းထောက်လှမ်းတာတွေလည်း ရှိတယ်ဗျ။ တနေရာတည်းမှာ ဖုန်းတွေက စုပြုံပြီး Active ဖြစ်နေတာမျိုးပေါ့။ သူတို့ဘက်က ဒါကို သတင်းထောက်လှမ်းပြီးတော့ ဝင်ရောက်စီးနင်းတာ၊ ဖြိုခွဲတာမျိုး ရှိတယ်။ တပ်စခန်းချရင် ကင်းနဲ့ သတင်း အရေးကြီးတယ်။ အရေးပေါ်ဆုတ်လမ်း ပြင်ဆင်ထားဖို့ လိုတယ်။ စစ်ရေးဆိုင်ရာ စီမံချက်တွေ ရှိပါတယ်ဗျာ။ ဒါတွေကို သေချာလိုက်နာပြီး စခန်းချ တပ်စွဲတာမျိုး တော်လှန်ရေးဘက်တော်သားတွေဘက်က လုပ်ဖို့ အကြံပြုချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်း PDF ခေါင်းဆောင်တဦးကလည်း “သူတို့ကို သတင်းအတိအကျပေးနေတဲ့သူ ရှိတယ်ဗျ။ သွားလာလှုပ်ရှားနေတာတွေနဲ့ စခန်းတည်နေရာတွေနဲ့ ပတ်သက်ပြီးတော့ အတွင်းစည်းထဲကနေ သူတို့ကို သတင်းပေးနေတဲ့သူ ရှိတယ်လို့ ဒီလိုပဲ အကြမ်းဖျင်း သုံးသပ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ ကျနော်တို့ မသိသေးဘူး။ အတွင်းစည်းက ပေါက်နေတယ်ဆိုတဲ့ အနေအထားတခု သွားတွေ့ရတယ်။ ကိုယ့်လူတွေရဲ့ သတင်းစကား ပြောတဲ့အခါမှာ ကြွားဝါမှု၊ ကိုယ့်လူတွေရဲ့ မောက်မာမှု၊ ထောင်လွှားမှု၊ ဘာလို့လဲဆိုတော့ အဖွဲ့ကြီးတွေအနေနဲ့ အဖွဲ့ငယ်တွေအပေါ် အလေးဂရုမပြုဘူးဆိုတဲ့ နှိမ်ချဆက်ဆံတာတွေ ရှိလာတယ်ဗျာ။ အဲ့တော့ တဖက်က မောက်မာမှုရယ် တဖက်က ကြွားဝါမှုရယ်၊ အဲ့နှစ်ခုမှာ အားနည်းချက် သွားတွေ့ရတယ်” လို့ ပေြာပါတယ်။

စစ်ကောင်စီက မြေပြင်ကင်းထောက်တာအပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) ထဲကနေ နေ့စဉ် ဒရုန်းတွေလွှတ်တင်ပြီး ကင်းထောက်တာ၊ တိုက်ခိုက်မှုမလုပ်ဘဲ နေ့စဉ် လေယာဉ်တွေ ပျံဝဲပြီး ကင်းထောက်တာတွေလည်း ရှိနေတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

အခုလိုလုပ်ဆောင်တာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းစစ်ရေးဗျူဟာတခုဖြစ်ပြီး သတင်းအချက်အလက် သေချာပြီး အမှုမဲ့အမှတ်မဲ့ ဖြစ်ချိန်မျိုးမှ တိုက်ခိုက်တာမျိုး လုပ်လေ့ရှိတယ်လို့ စစ်ကောင်စီလေတပ် CDM အရာရှိတယောက်က သုံးသပ်ထားပါတယ်။

မေလဆန်းမှာ တရုတ်အစိုးရက စစ်ကောင်စီဘက်ကနေ ပေါ်ပေါ်ထင်ထင်ရပ်တည်ပြီး နောက်မှာ စစ်ကောင်စီဘက်က ဗျူဟာပြောင်းလဲလာပြီး နည်းပညာအကူအညီကောင်းတွေ တရုတ်နိုင်ငံဆီက ရရှိထားတယ်လို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတွေက ယုံကြည်နေကြပါတယ်။

မုံရွာသပိတ် ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးက “တရုတ်နိုင်ငံရဲ့ အခုလုပ်နေတဲ့ စစ်ကောင်စီရဲ့ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ့။ ဥပမာ စစ်တပ်ရဲ့ ထောက်လှမ်းရေး အားကောင်းအောင် တရုတ်က ကူညီတာတွေက ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကူညီရာမရောက်ဘဲနဲ့ စစ်ရာဇဝတ်ကောင်တွေဘက်ကိုပဲ တရုတ်က နီးနီးကပ်ကပ် ဆက်ဆံနေမယ် ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းထဲမှာရှိတဲ့ အကျိုးစီးပွားတွေ အပေါ်မှာတော့ မြန်မာပြည်သူက တုံ့ပြန်နိုင်တဲ့ အလားအလာမှာ ရှိနေတယ် ဆိုတာ ကျနော်တို့တော့ မြင်နေတယ်” လို့ ပြောပါတယ်။

ဇွန်လထဲမှာ ဝက်လက်၊ ပုလဲ၊ ဆားလင်းကြီး၊ ရေဦး၊ ခင်ဦး၊ မုံရွာ၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ ဟုမ္မလင်း၊ စစ်ကိုင်း၊ မြောင်၊ စဉ့်ကူး၊ ချောင်းဦး၊ ရွှေဘို၊ မြင်းမူ၊ တန့်ဆည်၊ ကောလင်းမြို့နယ်တွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းထဲမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်တဲ့ စစ်ရေးသတင်းတွေမှာတော့ NUG လက်အောက်ခံ PDF တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တဲ့ သတင်းတွေကိုသာ အတည်ပြုဖော်ပြခဲ့ပြီး စစ်ကိုင်းမြေပြင်ထိတွေ့မှု အခြေအနေ အလုံးစုံကို နေ့စဉ် အတည်ပြုဖော်ပြတာမျိုး မတွေ့ရပါဘူး။

ဇွန်လ ၃ ရက်က မုံရွာမြို့၊ နဂါးတွင်းကျေးရွာအနီးမှာ  ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်ဒဿ၊ ဇွန်လ ၁၉ ရက်နေ့က ကျောက်ကုန်းရွာမှာ ဝက်လက်အရှေ့ခြမ်း LPDF ခေါင်းဆောင် ဗိုလ်ကျားကြီးရဲ့ ညီနဲ့ ဦးလေးတော်စပ်သူ ၄ ဦး၊ ဇွန်လ ၂၅ ရက်နေ့က ခင်ဦးမြို့နယ် အနောက်မြောက်ဘက်ခြမ်းမှာ PDF တပ်ဖွဲ့ဝင် ၁ ဦး၊ စစ်ကိုင်းမြို့နယ် ကင်းတော်ရွာအနီးမှာ PDF တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်ကလည်း မြောင်မြို့နယ်မှာ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်-၄ MSPDF ခေါင်းဆောင် ကိုသက်ခိုင် အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအစပ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတခုမှာ မလှိုင်မြို့နယ် PDF တပ်ဖွဲ့ဝင် ၁ ဦး၊ တမူးမြို့နယ်၊ နဂါးမင်းသမီး စစ်ကောင်စီစခန်း တိုက်ပွဲမှာ တမူး PDF တပ်ဖွဲ့ဝင် ၁ ဦး၊ ဇွန်လ ၂၈ ရက်နေ့မှာ မုံရွာမြို့ပေါ်က PDF ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း PDF တပ်ဖွဲ့ဝင် ၂၆ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ဇွန်လအတွင်း ဖြစ်ပျက်ခဲ့တဲ့ ဒီအချက်အလက်တွေဟာ ဒီဗွီဘီကနေ လက်လှမ်းမီသလောက် အတည်ပြုချက်တွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013