DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်အချို့ ယာဉ်စီးခပေးချေစက် တပ်ဆင်ထားသော်လည်း ငွေသားဖြင့်သာ ကောက်ခံနေ
DVB
·
July 6, 2023
YBS ယာဉ်အချို့ ယာဉ်စီးခပေးချေစက် တပ်ဆင်ထားသော်လည်း ငွေသားဖြင့်သာ ကောက်ခံနေ
Donate to DVB

ရန်ကုန်မြို့က YBS ယာဉ်လိုင်းတချို့မှာ ယာဉ်စီးခပေးချေစက် (Yangon Payment Service) YPS စနစ် တပ်ဆင်ထားပေမဲ့ ယာဉ်မောင်းအများစုက ကတ်စနစ်ကို မသုံးဘဲ ယာဉ်စီးခကို ငွေသားနဲ့ပဲ ကောက်ခံနေတယ်လို့ YPS ကတ် အသုံးပြုသူတွေက ပြောပါတယ်။

ဒါ့အပြင် ယာဉ်လိုင်းတချို့မှာ ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံတာတွေ ကြုံရပြီး ကားပေါ်တပ်ဆင်ထားတဲ့စက်တွေ ပျက်နေတယ်လို့ အကြောင်းပြတာကြောင့် ငွေသားပဲ ပေးရတယ်လို့ ကိုယ်တိုင်ကြုံရသူတယောက်က ပြောပါတယ်။

မြောက်ဥက္ကလာ-လှိုင်သာယာ ခရီးသည်တဦးက “ကတ်စနစ်က အခုထက်ထိတော့ အဆင်မပြေသေးဘူး။ အခုနောက်ပိုင်းမှာ ကတ်ဖြတ်လို့ရတဲ့ကားတွေ မရှိသလောက် ရှားသွားပြီ။ အခုက ယာဉ်စီးခတွေ ပိုယူကြတယ်လေ။ ဥပမာ ညနေ ညဘက် ရောက်သွားပြီ၊ ညဘက် ၇ နာရီကျော်သွားရင် ယာဉ်စီးခကို တောင်းချင်သလို တောင်းကြတာဆိုတော့လေ၊ အဲ့တော့ ကတ်ရှိနေရင် ကတ်နဲ့ပဲဖြတ်တော့ တမင်တကာ ကတ်ဖြတ်တဲ့စက်တွေ ဖြုတ်ထားကြတာများတယ်။ အရင်တုန်းကနဲ့ အခုနဲ့ ကွာခြားချက်က အရင်တုန်းကတော့ ကားတွေက ကောင်းတယ်။ အခုက ပြန်မပြင်ကြတော့ ပိုပြီး စုတ်လာတယ်။ အချိန်မှန်တာ မရှိဘူး။ ညဘက်ဆို ကားတွေက မရှိတော့ဘူး။ နိုင်ငံရေးအခြေအနေလည်း မကောင်းတော့ အဲ့တော့ YBS နဲ့ သွားရေးလာရေးက ပိုပြီး ခက်ခဲသွားတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

YPS ကတ် အသုံးပြုသူတွေ ငွေဖြည့်ရာမှာလည်း ငွေဖြည့်ကောင်တာက နေရာတိုင်းမှာ မရှိတာကြောင့် အဆင်မပြေဖြစ်ရပြီး ယာဉ်တချို့မှာ တပ်ဆင်ထားတဲ့စက်တွေကို သုံးမရအောင် ကြွပ်ကြွပ်အိတ်အမည်း စွပ်ထားတာမျိုးလည်း ကြုံနေရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ယာဉ်စီးခအနေနဲ့ ပုံမှန်ဈေး ၃၀၀ ကျပ်၊ ညဘက်တွေဆို ၅၀၀ ကျပ်အထိ ပေးရပြီး တချို့ လမ်းကြောင်းတွေဆို မနက်ခင်းဘက်တွေမှာတောင် ၄၀၀ ကျပ် ပေးရတယ်လို့ ရန်ကုန်မြို့မှ ခရီးသည်တယောက်က ပြောပါတယ်။

“ကားတွေမှာ စက်တွေပိတ်ထားတာတွေ ရှိတယ်။ အိတ်အမည်းတွေနဲ့ စွပ်ထားတာရှိတယ်။ တခါတလေဆို စက်တွေပျက်နေတယ်လို့ ပြောတာရှိတယ်။ အဲဒါကျတော့ လိုင်းကားစီးရင် အကြွေက ဆောင်ထားရတယ်။ ဒီတိုင်း ကတ်ထဲမှာ ပိုက်ဆံထည့်ထားတယ်ဆိုပြီး YBS ကို ရဲရဲတင်းတင်း စီးလို့မရဘူး။ ကားသမားတွေက ငွေကိုပဲ အကြွေကိုပဲ ယူချင်တာဆိုတော့ YPS စက်တွေ တပ်ထားပေမဲ့ အဆင်မပြေဖြစ်တယ်။ အခုနောက်ပိုင်း ပိုဆိုးလာတာက YBS တွေ စီးရင် စပယ်ယာတွေ ပါလာတယ်။ သူတို့က ငွေကောက်တယ်။ အနည်းဆုံး ဘယ်နားစီးစီး တဆင့်ကို ၄၀၀ လောက်ပေးရတော့ ၂ ဆင့် ၃ ဆင့် စီးတဲ့သူဆို တရက်ဝင်ငွေနဲ့ ထွက်ငွေက မမျှဘူးပေါ့။ အသွားအပြန် ၃,၀၀၀ လောက်ကျတယ်။ ဒါ ကိုယ့်ရဲ့လုပ်အားခထဲကနေ စိုက်စီးနေရတဲ့ပုံစံ ဖြစ်နေတာပေါ့။”

YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်မှာ YPS ကတ် အသုံးပြုပြီး စီးနိုင်တဲ့ ယာဉ်လိုင်း ၆၀ ကျော် ရှိပေမဲ့ တကယ့်လက်တွေ့မှာတော့ ကားအစီးရေ အနည်းငယ်သာ မှန်မှန်ကန်ကန် စက်တွေ တပ်ဆင်ပြီး သုံးနေတယ်လို့ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

“ကတ်နဲ့ဖြတ်တာက ဈေးလည်းသက်သာတယ်။ ကတ်နဲ့ဖြတ်တာ ၂၀၀ ဆို ပိုက်ဆံထည့်မယ်ဆို ၃၀၀ ပေးရတယ်။ မကောင်းတာက တချို့ကားတွေက ကတ်ဖြတ်တဲ့စက် ပါပေမဲ့ ဖွင့်ပေးမထားဘူး။ ကတ်နဲ့စီးလို့မရဘူး။ ကားတိုင်းလိုလို YPS စက်တွေတော့ တပ်ထားပါတယ်။ ဒါပေမဲ့ တချို့ကားတွေတော့ ကတ်ဖြတ်စက် မတပ်ထားလို့ ငွေသားပဲ ပေးရတာ။ အဲ့လိုတော့ ဖြစ်တာပေါ့။”

ယာဉ်လိုင်းတွေမှာ စက်မဖွင့်ထားတာ၊ အိတ်စွပ်ထားတာတွေ ကြုံရပါက ယာဉ်နံပါတ်နဲ့ လိုင်းနံပါတ်တွေကို ပေးပို့တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းတွေနဲ့ ပူးပေါင်းကာ စစ်ဆေးအရေးယူပေးမယ်လို့ Yangon Payment Service-YPS Company က ကြေညာထားပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသည်တင် YBS ယာဉ်လိုင်း ၁၁၈ လိုင်း၊ ယာဉ်စီးရေ ၃,၄၀၆ စီးနဲ့ တရက်ကို ခရီးသည် ၁၄ သိန်းကျော် တင်ဆောင် ပြေးဆွဲနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် YBS ယာဉ်လိုင်းတွေပေါ်မှာ ယာဉ်စီးခ ပိုမိုတိုးတောင်းခံတာ၊ မချေမငံ ဆက်ဆံတာတွေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာဘဲ ပရမ်းပတာ မောင်းနှင်တာမျိုးတွေ ကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013