DVB Logo
Home
မြန်မာသတင်း
ရေဦးနှင့် ကနီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
DVB
·
July 5, 2023
ရေဦးနှင့် ကနီမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံနဲ့ မြို့အနောက်ထွက် စစ်ဆေးရေးဂိတ်နေရာတွေကို ဒီနေ့ ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းတွေမှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်းအမှတ်-၁၄ က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း-၁၄ အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ရေဦးတိုင်းရင်းဆေးရုံကို ဗုံးသီး ၂ လုံးချတယ်။ အဲဒီအကြိမ်က စစ်ကောင်စီတပ်စွဲရာ အဆောင်တည့်တည့်ကို ဗုံးသီးတလုံးကျတယ်။ နောက်တလုံးက ဆေးရုံအုတ်တံတိုင်းအနီးမှာ ကျတယ်။ စစ်ကောင်စီအထိအခိုက်ကတော့ ကျနော်တို့ကို မျက်မြင်တွေ့သူတွေ သတင်းပေးချက်အရ လူနာတင်ကားနဲ့ ရှေ့မီးတွေထိုးပြီး ရေဦးဆေးရုံကို အပြေးမောင်းသွားတာ ရှိတယ်။ နောက်ပြီး ဆိုင်ကယ်ပေါ်မှာ ဦးခေါင်းဒဏ်ရာရရှိထားတဲ့ စစ်သားကို တင်ပြီး ဆေးရုံကို မောင်းတာတွေ ရှိတယ်လို့ သိထားရတယ်။ နောက် ရေဦးမြို့အနောက်ထွက် ရွှေကျီးမင်းအထိုင်စခန်းကိုလည်း ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်။ အဲဒီအကြိမ်မှာကတော့ စခအထိအခိုက် စုံစမ်းနေတုန်း” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က Fixed wings Drone အမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အခုနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ဒရုန်းအသုံးပြုတိုက်တာ များလာတာကြောင့် ဒရုန်းဖျက်ချတဲ့ ဂျမ်ဘာလက်နက်တွေ အသုံးပြုဖို့၊ စခန်းအတွင်းမှာ ကတုတ်ကျင်းတွေတူးပြီး အသင့်အနေအထားရှိနေဖို့ စစ်ကောင်စီ အထက်အရာရှိတွေက လျှို့ဝှက်ညွှန်ကြားထားတာတွေလည်း ရှိတယ်လို့ စစ်ကောင်စီ တပ်တွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးစခန်းကိုလည်း မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီက ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

“တိုက်ခိုက်တာက မနေ့ညနေ ၄ နာရီက သွားတိုက်တာ။ ဗုံးသီးက ၃ လုံး ချခဲ့တာပါ။ ကျတဲ့နေရာတွေက စစ်တပ်နေတဲ့အိမ်ပေါ်ကို တည့်တည့်ကျတယ်။ စစ်သားတဦးသေတယ်။ ပျူတဦး ဒဏ်ရာရတယ်လို့ အတွင်းသတင်းပေးဆီက ပြန်သိထားရတယ်” လို့ ကျောက်လုံးကြီးအဖွဲ့ရဲ့ နာယကအဆင့်ရှိသူက ပြောပါတယ်။

အခုလို ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်လုံးကြီးတပ်မဟာ တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ခိုက်တဲ့ဒရုန်းက Shar Htoo Waw Drone နည်းပညာကို အသုံးပြုထားတဲ့ မောင်းသူမဲ့ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း သူကဆိုပါတယ်။

အဆိုပါအလယ်ကျွန်းပျူရွာက စစ်တပ်ထောက်ခံသူတွေဟာ စစ်အာဏာသိမ်းချိန်ကစလို့ စစ်တပ်ထောက်ခံသူတွေကို စုစည်းပြီး အကြိမ်ကြိမ် ပြည်သူ့စစ်သင်တန်းပေးတာတွေ ပြုလုပ်ကာ ကျေးရွာအတွင်းနဲ့ ကျေးရွာအနီးပတ်ဝန်းကျင်က သရက်တော၊ ခိုတွင်း၊ ကင်းတောင်၊ ငါးဖျက်တောတိုက်က NLD ပါတီ ထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ ပစ္စည်းလုယူတာတွေ၊ အိမ်တွေမီးရှို့တာတွေ အကြိမ်ကြိမ် လုပ်ဆောင်တာကြောင့် ဒေသတွင်း ကာကွယ်ရေးတပ်တွေနဲ့ စစ်ရေးအခြေအနေတင်းမာကာ အခုလို နှစ်ဖက် တိုက်ပွဲတွေဖြစ်နေရတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013