

ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူကျန်းဟောက်က ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူးကလီးယားစက်ရုံက ရေဒီယိုသတ္တိကြွ ညစ်ညမ်းရေတွေ စွန့်ထုတ်တာကို ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို ဇူလိုင် ၄ ရက် မနက်က တိုက်တွန်းခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ကြေညာပါတယ်။
ကုလသမဂ္ဂရဲ့ နျူးကလီးယားစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ၂ နှစ်ကြာ ပြန်လည်သုံးသပ်ပြီးတဲ့နောက် အင်္ဂါနေ့နှောင်းပိုင်းမှာ ပြန်သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေတွေကို စွန့်ပစ်ဖို့ ဂျပန်နိုင်ငံရဲ့ တောင်းဆိုချက်ကို ခွင့်ပြုခဲ့ပါတယ်။
ဂျပန်ရဲ့ အစီအစဉ်တွေဟာ ကမ္ဘာ့ဘေးကင်းရေးစံနှုန်းတွေနဲ့ ကိုက်ညီတယ်လို့လည်း IAEA က ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ဒေသခံတချို့က အပြင်းအထန် ခုခံနေတဲ့ကြားက ခွင့်ပြုခဲ့တာပါ။
ဂျပန်အစိုးရဟာ ငလျင်လှုပ်ခတ်အပြီး ဆူနာမီဒဏ်ခံရပြီးတဲ့နောက် ဖူကူရှီးမားစက်ရုံရဲ့ လောင်စာချောင်းတွေကို အအေးခံဖို့သုံးတဲ့ အိုလံပစ်အရွယ် ရေကူးကန် ၅၀၀ ဖြည့်ဖို့ လုံလောက်တဲ့ရေကို သန့်စင်ပေးခဲ့ပြီး လုပ်ငန်းစဉ်ကို လုံခြုံအောင် ထိန်းသိမ်းထားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ နျူးကလီးယားစောင့်ကြည့်ရေး အစီရင်ခံစာဟာ ရေထုတ်လွှတ်မှုအတွက် ခွင့်ပြုချက် မဖြစ်သင့်ဘူးလို့ ဂျပန်နိုင်ငံထဲက တရုတ်သံရုံးက ပြောကြားခဲ့ပါတယ်။
ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံက ရေဒီယိုသတ္တိကြွရေတွေကို သမုဒ္ဒရာထဲ ထုတ်လွှတ်ဖို့ ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့က အတည်ပြုပြီးတဲ့နောက် တောင်ကိုရီးယားအစိုးရကလည်း သူ့ရဲ့တုံ့ပြန်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်ပြန်မယ်လို့ အစိုးရအရာရှိတဦးက ဇူလိုင် ၅ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားအစိုးရ မူဝါဒညှိနှိုင်းရေးရုံးက ဒုဝန်ကြီး ပတ်ကူယွန်းက နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်း IAEA ရဲ့ တွေ့ရှိချက်တွေကို တောင်ကိုရီးယားနိုင်ငံအနေနဲ့ လေးစားပါတယ်လို့ ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ရေဆိုးထုတ်လွှတ်မှု အစီအစဉ်အပေါ် IAEA ရဲ့ စစ်ဆေးအကဲဖြတ်မှုအပေါ် တောင်ကိုရီးယားအစိုးရရဲ့ ကိုယ်ပိုင်သုံးသပ်ချက်ကို ကြေညာချိန်က ပြောခဲ့တာပါ။
IAEA အကြီးအကဲ ရာဖယ်လ် ဂရောက်ဇီဟာ အခုချိန်မှာ ဂျပန်နိုင်ငံရောက်နေပြီး အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ရှင်းပြဖို့ တောင်ကိုရီးယားနိုင်ငံဆီ ဇူလိုင် ၇ ရက်မှ ၉ ရက်အထိ ဆက်သွားဖို့ စီစဉ်ထားပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ မကြာသေးမီလတွေအတွင်းက သမိုင်းဝင် အငြင်းပွားမှုတွေကြောင့် ပျက်ပြားခဲ့တဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ ခြေလှမ်းတွေ လှမ်းခဲ့ကြတာပါ။
ဂျပန်နိုင်ငံရဲ့ ရေဆိုးထုတ်လွှတ်မယ့် အစီအစဉ်မတိုင်မီ စားသုံးသူတချို့က ပင်လယ်ဆားကို ချက်ချင်း သိမ်းကျုံးဝယ်ယူနေကြပြီး ရေဆိုးစွန့်ထုတ်တာ မလုပ်မီ အနီးကပ်ဆုံး အိမ်နီးချင်း ဂျပန်ရဲ့ အစီအစဉ်အတွက် အငြင်းအခုံ ဖြစ်နေဆဲပါ။










