DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံ၌ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်နိုင်ဟု သတိပေးချက်ထုတ်ပြန်
DVB
·
July 5, 2023
တရုတ်နိုင်ငံ၌ ဇူလိုင်လအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်နိုင်ဟု သတိပေးချက်ထုတ်ပြန်
Donate to DVB

တရုတ်နိုင်ငံတဝန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း သိန်းနဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတာ‌ကြောင့် ဇူလိုင်လမှာ ပြင်းထန်တဲ့ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်များစွာဖြစ်နိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် ဇူလိုင်လ ၄ ရက်မှာ  သတိပေးချက်ထုတ်ပြန်ထားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ရေကြီးခြင်း၊ ပြင်းထန်တဲ့ ရာသီဥတု၊ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ အပူချိန်မြင့်မားတာ‌တွေအပါအဝင် တရုတ်နိုင်ငံဟာ ဇူလိုင်လမှာ သဘာဝဘေးအန္တရာယ်များစွာနဲ့ ရင်ဆိုင်ရမယ်လို့ မိုးလေဝသအာဏာပိုင်တွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း  ရှအန်ရှီပြည်နယ်မှာ နှစ် ၅၀အတွင်း ပထမဆုံး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်‌တွေ၊ လမ်းတွေ ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ Chongqing Daily သတင်းစာက ရေးပါတယ်။

မွန်ဂိုလီးယားနိုင်ငံအတွင်းမှာ ဇူလိုင်လ ၁ရက် တနင်္ဂနွေနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV ကထုတ်လွှင့်ပါတယ်။

အလယ်ပိုင်း ဟူနန်ပြည်နယ်က လူ ၁၀,၀၀၀ ကျော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေလွှမ်းမိုးမှုကြောင့် နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ပြည်နယ်အရာရှိတွေက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၉ ရက်ကတည်းက  တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂူအီဇူပြည်နယ် အပါအဝင် ဒေသအသီးသီးက ကယ်ဆယ်ရေးသမားတွေဟာ ရေကြီးမြေပြိုမှုတွေကနေ လူနဲ့ တိရစ္ဆာန်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ CGTN အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ယူနန်ပြည်နယ်ရဲ့ အစိတ်အပိုင်းတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်တွေလို လမ်းမတွေပေါ်မှာ ကားတွေ မျောပါခဲ့ပြီး အနောက်တောင်ဘက်က စီချွမ်ပြည်နယ်မှာလည်း ရွှံ့မြေပြိုမှုတွေကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ စံချိန်တင် အပူလှိုင်းတွေ၊ ရေလွှမ်းမိုးမှုတွေနဲ့ တိုက်ဆိုင်နေပြီး နိုင်ငံရဲ့ အမျိုးသား မိုးလေဝသဌာနက မြို့တော် ပေကျင်းနဲ့ အခြားဒေသ‌တွေမှာအပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါကအိမ်ထဲမှာ နေကြဖို့  သတိပေးထားပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်းဟာ  ပုံမှန်မဟုတ်တဲ့ ပူပြင်းတဲ့ ရာသီဥတုဒဏ်ကို ခံစားနေရဆဲဖြစ်တယ်လို့ အမျိုးသားရာသီဥတု ဗဟိုဌာနကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပူပြင်းတဲ့ရာသီဥတုဟာ နောက်ထပ် ၁၀ရက်အထိ ကြာနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး အပြင်းအထန် ဒေါသထွက်နေသူတွေက လူမှုကွန်ရက်ပေါ်မှာ ဝေဖန်‌ပြောဆိုနေကြပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်ပထမနှစ်ဝက်မှာ လစဉ် ၄ ရက်လောက်မှာ  ၃၅ ဒီဂရီ ကျော်လွန်ကာ စံချိန်တင်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ မှတ်တမ်းတွေစတင်ခဲ့တဲ့ ၁၉၆၁ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးဖြစ်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းခြင်းကြောင့် ကြီးမားတဲ့ ကမ္ဘာ့အပူချိန် မြင့်တက်လာတာဟာ ကမ္ဘာတဝန်း ပြင်းထန်တဲ့ရာသီဥတုကို ပိုမိုဆိုးရွားလာစေပြီး အာရှရှိ နိုင်ငံအများအပြားမှာလည်း ပြင်းထန်တဲ့အပူလှိုင်းတွေနဲ့ စံချိန်တင် အပူချိန်တွေ ကြုံတွေ့ခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်‌စေတဲ့ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်တဲ့ နိုင်ငံဖြစ်ပြီး လက်ရှိကာဗွန်ညစ်ညမ်းမှုရဲ့  ၄ ပုံ ၁ ပုံခန့်မှာ တာဝန်ရှိပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လွှတ်မှု အမြင့်မားဆုံး ရည်မှန်းချက်ကို ချမှတ်ထားပြီး နောင်နှစ်ပေါင်း ၃၀မှာ ကာဗွန်ကြားနေမှုကို ရရှိဖို့ ရည်မှန်းထားပါတယ်။

Source - CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013