
ထိုင်းနိုင်ငံမှာ လွှတ်တော်သစ်ခေါ်ယူတဲ့ ဇူလိုင် ၃ ရက်ကစပြီး ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ မဲဆောက်-မြဝတီနယ်စပ် တလျှောက်မှာ လုံခြုံရေးအထူး တင်းကျပ်ထားတယ်လို့ မဲဆောက်မြို့မရဲစခန်းမှူးက ပြောပါတယ်။
မဲဆောက်မြို့အခြေစိုက် သတင်းထောက်တွေနဲ့ မဲဆောက်ရဲမှူးကြီးတို့ မဲဆောက်မြို့မ ရဲစခန်းမှာ တွေ့ဆုံပွဲစဉ် ဒုဗိုလ်မှူးကြီး မွန်းဆပ်ကရောက်ဝန်က ထိုင်းဘာသာနဲ့ ပြောလိုက်တာဖြစ်ပါတယ်။
“လွှတ်တော်ခေါ်ယူအပြီး တနိုင်ငံလုံးမှာလိုပဲ မဲဆောက်မြို့နဲ့ နယ်စပ်တလျှောက် လုံခြုံရေး အထူးကို တင်းကျပ်ထားပါတယ်။ ရဲရော စစ်တပ်တွေရောပါ အထူး အသင့်ကာလအဖြစ် လုံခြုံရေးအဆင့် သတ်မှတ်လုပ်ဆောင်နေတယ်” လို့ မဲဆောက်ရဲမှူးကြီးက ပြောပါတယ်။
ဒါကြောင့် နယ်စပ်ဒေသတွေမှာ နေထိုင်ကြသူတွေဟာ ဘယ်သူမဆို သတိထားပြီး စည်းကမ်းနဲ့အညီ နေထိုင် လုပ်ကိုင် သွားလာကြဖို့လည်း သူက ဆက်ပြောသွားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံဘက်နယ်စပ်ဝင်ခွင့်ကို ထိုင်းနိုင်ငံသားတွေသာရရှိမှာ ဖြစ်ပြီး တခြားဘယ် နိုင်ငံခြားသားတွေကိုမှ မြန်မာဘက်က ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
ဒီတွေ့ဆုံပွဲမှာ ထိုင်းရဲမှူးကြီးက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကိုလည်း ဖြေဆိုသွားခဲ့ပါတယ်။
တချိန်တည်းမှာ ဒီနေ့မနက်ပိုင်း မဲဆောက်မြို့ လမ်းတွေမှာ ထိုင်းရဲတွေက ဆိုင်ကယ်တွေကို ရပ်တန့်စေပြီး စစ်ဆေးတာတွေလည်း ပိုများလာနေတယ်လို့ မဲဆောက်ရောက် မြန်မာတွေထံက သိရပါတယ်။











