DVB Logo
Home
မြန်မာသတင်း
အရှေ့တီမော သမ္မတက NUG ဝန်ကြီးကို တရားဝင်ဖိတ်ခေါ်  သီးသန့်တွေ့ဆုံမှု သံတမန်ရေးအောင်မြင်မှု ဖြစ်ဟု ဆို 
DVB
·
July 4, 2023
အရှေ့တီမော သမ္မတက NUG ဝန်ကြီးကို တရားဝင်ဖိတ်ခေါ်  သီးသန့်တွေ့ဆုံမှု သံတမန်ရေးအောင်မြင်မှု ဖြစ်ဟု ဆို 
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို  အရှေ့တီမော သမ္မတက သီးသန့်တွေ့ဆုံမှုဟာ နွေဦးတော်လှန်ရေးအတွက် သံတမန်ရေးအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင် ၂ ရက်နေ့က အရှေ့တီမောနိုင်ငံရဲ့ သမ္မတ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ဟိုဆေး ရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားတဲ့အခါမှာ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့ပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တီမောလက်စတေးနိုင်ငံသမ္မတကို အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ကိုယ်စားပြုအစိုးရကို ကုလသမဂ္ဂ အနေနဲ့ တရားဝင်ကြေညာနိုင်ခြင်းမရှိသေးချိန်မှာ အရှေ့တီမော နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတော်အဆင့် တွေ့ဆုံမှုပြုလုပ်လိုက်တာဟာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် အောင်မြင်မှု တခုဖြစ်တယ်လို့ မန္တလေးသပိတ်ဦးဆောင်သူ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။

အရှေ့တီမောနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံတကာရဲ့ ကိုယ်စားပြု အစိုးရကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ NUG အစိုးရက တက်ခွင့်ရပေမဲ့  အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ တက်ရောက်လာတာ မတွေ့ရပါဘူး။ အဆိုပါအခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီဘက်ကို ဖိတ်ခေါ်ခဲ့တာ ရှိ၊ မရှိ  အရှေ့တီ မောနိုင်ငံဘက်က  ထုတ်ပြန်ပြောဆိုခြင်း မရှိပါဘူး။ 

ဒါပေမဲ့ NUG ကိုယ်စားလှယ်အဖွဲ့ကawmh အရှေ့တီမောနိုင်ငံသမ္မတနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေနေတွေ မြန်မာနိုင်ငံမှာ ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတကာသိအောင် ဘယ်လိုသတင်းစကားတွေ ပေးကြမလဲဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတကာအစိုးရတွေက NUG အစိုးရကို တရားဝင်တွေ့ဆုံ ဆွေးနွေးနေပေမဲ့  မြန်မာနိုင်ငံရဲ့ အစိုးရဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးတာကြောင့် အခုလို တွေ့ဆုံမှုက သံတမန်ရေးအရ အောင်မြင်မှုတခုဖြစ်တယ်လို့ ပြောလို့ရပေမဲ့ တော်လှန်ရေးအတွက် ကြီးကြီးမားမား ပြောင်းလဲလာမှုတော့ မရှိနိုင်သေးဘူးလို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးရှိန်းထွန်းက ပြောပါတယ်။

အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ထောက်ခံအားပေးကူညီခဲ့သူတယောက် ဖြစ်ပါတယ်။ လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေသူ ဖြစ်သလို ပြီးခဲ့တဲ့နှစ် ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံက ပြည်သူတွေကို ယူကရိန်းနိုင်ငံလို ဘာကြောင့် မကူညီတာလို့ နိုင်ငံတကာအသိုက်အဝန်းကို မေးခွန်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အာဆီယံထိပ်သီးညီလာခံမှာ အရှေ့တီမောနိုင်ငံကို အရှေ့တောင်အာရှနိုင်ငံများအသင်း အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအဖြစ်လက်ခံဖို့ ကနဦးဆုံးဖြတ်ထားတဲ့အတွက် မကြာခင်မှာ  ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာမယ့် နိုင်ငံဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013