DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှုလိုငွေ ဒေါ် လာ  ၁ ဒသမ ၃၈ ဘီလီယံ ကျော်ရှိနေ
DVB
·
July 4, 2023
ကုန်သွယ်မှုလိုငွေ ဒေါ် လာ  ၁ ဒသမ ၃၈ ဘီလီယံ ကျော်ရှိနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေးကဏ္ဍမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ် လာ  ၁ ဒသမ ၃၈ ဘီလီယံ ကျော်ရှိနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခု ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်ကနေ ဇွန်လ ၂၃ ရက်နေ့အထိ သုံးလဝန်းကျင်အတွင်းမှာ ပြည်ပပို့ကုန်တင်ပို့မှုကနေ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၉ရ ဘီလီယံသာ ဝင်ရောက်ထားပြီး သွင်းကုန် တင်သွင်းမှုအတွက်  အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၇၈ ဘီလီယံထိ သုံးစွဲထားတာကို စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ တွေ့ရပါတယ်။

ပို့ကုန်တင်ပို့မှုတန်ဖိုးက သွင်းကုန်တင်သွင်းမှု တန်ဖိုးထက် ထက်ဝက်နီးပါး လျော့ကျပြီး ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၃၈ ဘီလီယံ ကျော်ထိ ဖြစ်ပေါ်နေတာပါ။

စစ်ကောင်စီက ကုန်သွယ်ရေးနဲ့ ငွေကြေးကဏ္ဍတွေမှာ မလိုအပ်ဘဲ တင်းကျပ်တဲ့ မူဝါဒ စည်းမျဉ်း ကန့်သတ်ချက်တွေ ချမှတ်ထားသလို ပဋိပက္ခတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကလည်း ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်‌ရေး ကဏ္ဍတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။

ပြည်ပပို့ကုန် ဝင်ငွေရရှိမှုဟာ   ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ယှဉ်ရင် အမေရိကန် ဒေါ်လာ သန်း၈၀၀ ဝန်းကျင် လျော့ကျနေပြီး  လယ်ယာထွက်ပစ္စည်း အပါအဝင် ပို့ကုန်ကဏ္ဍအားလုံးမှာ တင်ပို့မှု လျော့ကျနေပါတယ်။

ပို့ကုန်အားပေးမှသာ နိုင်ငံခြားဝင်ငွေ ဝင်ရောက်နိုင်မှာဖြစ်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်ပွမှုနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ထောက်ပြ ပြောဆို ပါတယ်။

“နိုင်ငံတိုင်းမှာ ကုန်သွယ်မှု လိုငွေ မဖြစ်ဖို့ ပို့ကုန် ကို အားပေးတဲ့ မူဝါဒပဲ ချပါတယ်။ Export ကို ထိန်းချုပ်လေ၊ ကုန်သွယ်မှု လိုငွေ မြင့်လေ၊ ငွေရိုက်ထုတ်ရလေ၊ ငွေကြေးဖောင်းပွမှု မြင့်လေ ပါပဲ” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပို့ကုန်တင်ပို့မှုက ကရလာတဲ့ နိုင်ငံခြားငွေ(ဒေါ်လာ)ရဲ့ ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ် တရားဝင်နှုန်းထား ၂၈၀၀ ကျပ်နဲ့ လဲလှယ်စေပြီ ၃၅ ရာခိုင်နှုန်းကို  ပြင်ပပေါက်စျေးနဲ့ လဲလှယ်ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ဇွန်လ ၂၁ ရက် စပြီး ပို့ကုန်သမားတွေကို  စျေးကွက်ပေါက်စျေးနဲ့ လွတ်လပ်စွာရောင်းချခွင့်ပေးထားတဲ့  ၃၅ ရာခိုင်နှုန်း ကိုပါ ၂၉၂၀ ကျပ် ဝန်းကျင်နဲ့ သတ်မှတ်ရောင်းချစေခဲ့ပါတယ်။ လက်တလောပြင်ပ စျေးကွက် ပေါက်စျေးကတော့ တစ်ဒေါ်လာကို  ၃၁၀၀ ကျပ် ဝန်းကျင် ရှိပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်ဈေးကွက် သတ်မှတ်ဈေး ၂၉၂၀ ကြောင့်  ဆန်၊ပဲ၊ ပြောင်း အပါအဝင် ပြည်ပပို့ကုန်တွေ စျေးအေးသွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ၊ တင်းကျပ်ကန့်သတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေ၊ အိမ်ထောင်စု ဝင်ငွေလျော့နည်းလာမှုတွေက မြန်မာ့စီးပွားရေး နာလန်ပြန်ထူဖို့ အဟန့်အတားဖြစ်စေတယ်လို့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Photo-Myanma Port Authority

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013