DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၃၈ သန်းကျော်ရှိနေ
DVB
·
September 4, 2023
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၃၈ သန်းကျော်ရှိနေ
Donate to DVB

လက်ရှိဘဏ္ဍာနှစ် ၅ လနီးပါးအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၇၃၈ သန်း‌ ဖြစ်ပေါ်နေတာကို စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းတွေအရ တွေ့ရပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၅ လဝန်းကျင်အတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၆,၁၅၆ သန်းကျော် တင်ပို့ထားနိုင်ပြီး သွင်းကုန်ကို‌တော့ ကန်ဒေါ်လာ သန်း ၆,၈၉၄ သန်းကျော်ဖိုး တင်ပို့ထားတာကြောင့် ပို့ကုန်ထက် သွင်းကုန်တင်သွင်းမှုကို ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပိုမိုဆောင်ရွက်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ပို့ကုန်လျော့ကျခဲ့တာကြောင့် ကုန်သွယ်ရေးလို‌ငွေ ကန်ဒေါ်လာ ၇၇၄ ဒသမ ၄၁၈ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကာင်စီဘက်က ပို့ကုန်မြှင့်တင်ဖို့ ဦးစားပေး လုပ်ဆောင်နေတယ်လို့ ပြောကြားထားပေမဲ့ အခုနှစ် ဧပြီ ၁ ရက်ကနေ ဩဂုတ် ၂၅ ရက်အထိ ပြည်ပပို့ကုန်တင်ပို့မှုဟာ မနှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ သန်း ၇၇၀ ဝန်းကျင် လျော့နည်း ကျဆင်းနေပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပို့ကုန်တင်ပို့မှုကို အရင်နှစ် ကာလတူထက် ဒေါ်လာ ၁၆၈ သန်းကျော် ပိုမိုဆောင်ရွက်ထားနိုင်ပေမဲ့ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက အရင်နှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၉၄၀ ဝန်းကျင် လျော့နည်းနေတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးပတ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ စီးပွားကူးသန်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးထွက်ကုန် အခြေခံထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် ပြည်တွင်းမှာ ဖူလုံပြီး ပိုလျှံတဲ့ ထွက်ကုန်တွေကို ပြည်ပတင်ပို့ရောင်းချရာမှာ အဆင်ပြေချောမွေ့စေဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ကုန်သွယ်လုပ်ငန်းရှင်တွေဘက်ကတော့ စစ်ကောင်စီ မလိုအပ်ဘဲ ချမှတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ‌ငွေကြေးမူဝါဒတွေက ပြည်ပကုန်သွယ်မှုအပေါ် အဟန့်အတားဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ပို့ကုန်အားပေးမှ နိုင်ငံခြားငွေ ဝင်ရောက်နိုင်မှာ။ export ကို မလိုအပ်တဲ့ မူဝါဒတွေနဲ့ ထိန်းချုပ်ထားတော့ ကုန်သွယ်မှုလိုငွေ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် နယ်မြေမတည်ငြိမ်မှုနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေကလည်း ပြည်ပပို့ကုန် ထုတ်လုပ်တင်ပို့နိုင်မှုအပေါ် သက်ရောက်နေတယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ အခုနှစ် ၅ လဝန်းကျင်အတွင်းမှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃ ဘီလီယံရှိပြီး အရင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ကန်ဒေါ်လာ သန်း ၇၀၀ ဝန်းကျင် လျော့ကျနေပါတယ်။

လယ်ယာထွက်ကုန်ကဏ္ဍ အပါအဝင် ပို့ကုန်ကဏ္ဍ ၇ ခုရှိတဲ့အထဲ ကဏ္ဍ ၆ ခုမှာ တင်ပို့မှု အသီးသီး လျော့ကျနေပါတယ်။

သွင်းကုန်ပိုင်းမှာတော့ လူသုံးကုန်ပစ္စည်းနဲ့ CMP ပစ္စည်းတင်သွင်းမှု လျော့ကျနေပေမဲ့ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းနဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတွေ ပြီးခဲ့တဲ့နှစ်ထက် ပိုမို တင်သွင်းထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013