

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ထိုင်ဝမ်ကို ဘယ်အချိန်မှာ တရုတ်ပြည်မကြီးနဲ့ ပေါင်းစည်း မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘဲ 'စစ်ဘက်ဆိုင်ရာ သာလွန်မှု' က ထိုင်ဝမ်ကို တရုတ် ကျူးကျော်မှု ဖြစ်နိုင်ခြေကို ဟန့်တားဖို့ သော့ချက်ဖြစ်တယ်လို့ အမေရိကန်ထိပ်တန်း စစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီးမာ့ခ် မီလီက ဇွန် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
ဝါရှင်တန်မှာ ကျင်းပတဲ့ အမျိုးသားစာနယ်ဇင်း ကလပ်မှာ မီလီက ခုလို ပြောခဲ့တာပါ။ ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို ပေါင်းစည်းနိုင်စေဖို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ရှီက တောင်းဆိုခဲ့တယ်လို့ ယုံကြည်ပေမယ့် စစ်ရေးအရ ဆက်လုပ်ဖို့ တိုက်ရိုက် အမိန့်မပေးထားဘူးလို့ လည်း ပြောခဲ့ပါတယ်။
"နေ့စဉ်သမ္မတ ရှီ နိုးလာတိုင်း အဲဒီဆုံးဖြတ်ချက် ဘယ်တော့မှ မရောက်ဘူးဆိုတာ သေချာစေ ချင်ပါတယ်" လို့လည်း မီလီက ပြောခဲ့ပါတယ်။
တရုတ်က ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက်အဖြစ် အခိုင်အမာ ပြောနေပေမဲ့ ထိုင်ဝမ်အစိုးရက အမြဲပယ်ချခဲ့တာပါ။
လတ်တလောနှစ်တွေမှာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း အထောက်အထားပြရမယ့် ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်ရဲ့ အနောက်တောင်ဘက်ကို တရုတ်လေတပ်က နေ့တိုင်းနီးပါး စစ်ဆင်ရေးအသွင် လေ့ကျင့်ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ် အစိုးရက တိုင်ကြားခဲ့ပါတယ်။
တရုတ်ပြည်မကြီး အစိုးရက ထိုင်ဝမ်ကို သူ့ ထိန်းချုပ်မှုအောက် ပြန်ရောက် အောင်လုပ်ဖို့ အင်အား သုံးတာကို ဘယ်တုန်းကမှ မပစ်ပယ်ခဲ့ပါဘူး။
ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ဒေါသ ထွက်ခဲ့လို့ ကျွန်းဝန်းကျင်မှာ ဧပြီလက တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်တာတွေ ဆက်တိုက် လုပ်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၄၄၀ တန်တဲ့ သီးခြား သဘောတူညီချက် ၂ ရပ်အတွင်း ထိုင်ဝမ်ကို လက်နက်ခဲယမ်း ရောင်းချမယ့် အလားအလာနဲ့ ထောက်ပံ့ ပို့ဆောင်ရေးကို အမေရိကန် အစိုးရက ဇွန်၂၉ ရက်မှာ အတည်ပြုပေးခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောခဲ့ပါတယ်။










