
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကျေးရွာကနေ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေ အတွက် ယာယီတဲတွေကို ဆောက်ပေးနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးကြတဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။
မိုးတွင်းရောက်လာပြီဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် ရာသီဥတုဒဏ် အသင့်အတင့်ခံနိုင်ပြီး အမိုးအကာလုံတဲ့ တဲတွေကို ဆောက်ပေးနေတာလို့ စစ်ဘေးရှောင်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသူရိန်ဇင်က ဒီဗွီဘီကို ပြောပါတယ်။
“လောလောဆယ်တော့ တဲအလုံး ၁၀၀ ဆောက်ပေးထားရတယ်။ ဒါမဲ့ မလုံလောက်သေးဘူး။ ဆက်လက်ဆောက်ပေးဖို့ ရှိသေးတယ်။ ဇင်းကလင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေတော့ စစ်ရှောင်တွေက တိုးလာနေတယ်။”
စစ်ရှောင်တဲတွေကို ဆောက်ပေးရာမှာ သစ်၊ ဝါးတွေကို တောတောင်တွေက ခုတ်ယူဖို့ လွယ်ကူတာကြောင့် အဆင်ပြေပေမဲ့ အမိုးအကာတွေအတွက် မိုးကာတွေလိုအပ်နေပြီး စစ်ရှောင်တွေအတွက် ခြုံစောင်နဲ့ ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကလေးမြို့နယ်မှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာမှာ မနေရဲကြဘဲ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၁၀,၀၀၀ နဲ့အထက် ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေကြတဲ့ အဖွဲ့အစည်းတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










