DVB Logo
Home
မြန်မာသတင်း
KBZ Pay အကောင့် အပိတ်ခံရသဖြင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးနေ
DVB
·
June 29, 2023
KBZ Pay အကောင့် အပိတ်ခံရသဖြင့် အသုံးပြုသူများ ငွေကြေးဆုံးရှုံးနေ
Donate to DVB

အင်တာနက်ကွန်ရက် အသုံးပြုပြီး ငွေသွင်းငွေထုတ် ပြုလုပ်ရတဲ့ KBZ Pay အကောင့်တွေ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ အပိတ်ခံရတာတွေကြောင့် KBZ Pay အသုံးပြုသူတွေ ငွေကြေးဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ အများပြည်သူရဲ့ KBZ Pay, Wave Pay စတဲ့ မိုဘိုင်းငွေကြေးအကောင့်တွေကို သက်ဆိုင်ရာဘဏ်တွေက ဆက်တိုက်ပိတ်နေတာဖြစ်ပြီး အကောင့်အပိတ်ခံရတဲ့ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရတာမျိုးလည်း ရှိနေပါတယ်။

အကောင့်ပိတ်ခံရတာကြောင့် ကိုယ်ပိုင်ငွေကြေး ဆုံးရှုံးရသလို ဘဏ်ကိုသွားပြီး အကြောင်းကြားရင်လည်း စောင့်ဆိုင်းဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတာကြောင့် KBZ Pay အပေါ် ယုံကြည်စိတ်ချမှု နည်းသွားတယ်လို့ ကိုယ်တိုင်ကြုံရသူတယောက်က ပြောပါတယ်။

“ကိုယ့်ပိုက်ဆံနဲ့ကိုယ် ခံရတဲ့အပိုင်းတွေ ဖြစ်နေတာပေါ့။ ပြောလည်း အစပိုင်းတွေကြားတာ လာဖမ်းမှာတို့ ဘာတို့ဆို မပြောရဲဘူး။ ညီမတို့ ဒိုင်တွေလည်း ပါသွားတာ။ တဆင့်ယူတဲ့ဒိုင်ပေါ့။ အဝတ်လက္ကားဒိုင်ပေါ့။ သူတို့ဆို သိန်း ၄၀ ကျော် ပါသွားတာ။ ဘဏ်သွားတော့လည်း kpay center သွားပါတဲ့။ သူတို့လည်း ဘာမှမလုပ်ပေးဘူး။ တယောက်က ငွေလွှဲပြီးတော့ ဖုန်းဘေလ်လည်း ထည့်မရဘူး။ ဘာမှလုပ်မရဘူး။ အဲ့ကျမှ သိတာ၊ အကောင့်ပိတ်ခံရတာပေါ့။ တလတောင်ကြာပြီ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် ဘာမှ မပြောရဲတဲ့ အနေအထားပေါ့။ ကိုယ့်မှာ မနည်းရှာထားရတာ။ ဘယ်သူ့မှ သွားတိုင်လို့မရဘူး။ ရဲစခန်းလည်း အမှုသွားဖွင့်မရဘူး။ kpay စင်တာသွားတော့လည်း တာဝန်မယူဘူး။ ညီမတို့မှာ ဘာမှ ပြောခွင့်မရှိဘူး။ ဒီတိုင်း ငြိမ်နေရတာပေါ့။ အပိတ်ခံရတာ အများကြီးပဲ။”

ပြီးခဲ့တဲ့လအတွင်း KBZ Pay အသုံးပြုသူတွေအကြား အကောင့်အပိတ်ခံရတဲ့သတင်းတွေ ဆက်တိုက်ပျံ့နှံ့ခဲ့ပြီး KBZ Pay နဲ့ ငွေလွှဲရာမှာ သက်ဆိုင်တဲ့ အကြောင်းအရာ မှတ်ချက် ထည့်ရေးသားပေးကြဖို့ အွန်လိုင်းဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူတွေ သတိပေး တောင်းဆိုခဲ့ကြပါတယ်။

ဈေးဝယ်တဲ့နေရာမှာ Note ထည့်ရေးသားပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး KBZ Pay အကောင့် ပိတ်ခံရသူ အများစုကလည်း အွန်လိုင်း ဈေးရောင်းလုပ်ငန်း လုပ်ကိုင်ကြသူတွေလည်း ပါဝင်နေကြပါတယ်။

မိုဘိုင်းငွေကြေး အသုံးပြုသူတွေ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ငွေကြေးထောက်ပံ့မှုတွေ မပြုလုပ်နိုင်အောင် စစ်ကောင်စီက သူတို့သံသယရှိတဲ့ KBZ Pay အသုံးပြုသူတွေရဲ့ အကောင့်တွေကို ပိတ်ပစ်တာမျိုး လုပ်တယ်လို့ အသုံးပြုသူတယောက်က ပြောပါတယ်။

“KPay က ကိုယ်ငွေလွှဲတဲ့အခါမှာ အင်တာနက်လိုင်း အဆင်မပြေတာတို့၊ လိုင်းကျသွားတာတို့၊ ပြီးတော့ သူတို့ဘက်မှာ ငွေထုတ်ငွေသွင်းများလို့ လိုင်းကျပ်သွားတာတို့ဆိုရင် ကိုယ့်အကောင့်ထဲကနေ ပိုက်ဆံဖြတ်ပြီးတော့ ကိုယ်လွှဲလိုက်တဲ့လူဆီ မရောက်သွားတာမျိုး ဖြစ်တတ်တယ်။ အဲ့လိုဖြစ်လို့ရှိရင် သူတို့ဘက်ကနေ ၂၄ နာရီအတွင်းကနေ နောက်တရက်၊ ၂ ရက်အတောအတွင်းမှာ ပိုက်ဆံ အော်တိုပြန်ထည့်ပေးတယ်။ ဒီအတိုင်းကြီး အကြောင်းရင်းမရှိဘဲ အဖြတ်ခံရတာတို့၊ အပိတ်ခံရတာတို့ကျ နိုင်ငံရေးပုဒ်မတို့ ဘာတို့ ဆက်နွှယ်ရင် ဖြစ်တတ်တယ်။ အကယ်၍ ကိုယ်က နိုင်ငံရေးပုဒ်မတခုခုနဲ့ ညိတယ်တို့ သတင်းတခုခုရလို့ ပိတ်တာတို့ အဲ့လိုမျိုးဆို ကိုယ့်အကောင့်ထဲကနေ ပိုက်ဆံတွေ ဖြတ်တာတို့ ရှိတတ်တာပေါ့။”

KPay အကောင့် အပိတ်ခံရပါက ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ကြောင့် လုပ်ဆောင်ရတာဖြစ်ပြီး အကောင့် ပြန်လည်အသုံးပြုလိုပါက ဗဟိုဘဏ်နဲ့သာ တိုက်ရိုက်ဆက်သွယ်ဖို့လိုတယ်လို့ KBZ Pay ဘက်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီက ဥပဒေပုဒ်မ ၅၀(ည) အရ အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အင်အားစုတွေဆီ ငွေကြေးထောက်ပံ့တယ်လို့ တိုင်ကြားခံရတဲ့ KPay အကောင့်တွေကို ပိတ်ခဲ့ပြီး အကောင့်ပိုင်ရှင်တွေရဲ့ နေအိမ်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013