DVB Logo
Home
မြန်မာသတင်း
လူမျိုးစုမဟာမိတ်ဆက်ဆံရေး ယုံကြည်မှုမြင့်မားအောင် တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော
DVB
·
June 28, 2023
လူမျိုးစုမဟာမိတ်ဆက်ဆံရေး ယုံကြည်မှုမြင့်မားအောင် တည်ဆောက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြော
Donate to DVB

လက်ရှိမှာ တော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို တပါတည်း ပူးတွဲလုပ်နေတဲ့ အခြေအနေကို ရောက်လာပြီလို့ ပြောနိုင်ကြောင်းနဲ့ တော်လှန်ရေးကာလမှာလည်း လူမျိုးစုမဟာမိတ်ဆက်ဆံရေးကို ယုံကြည်မှုမြင့်မားအောင် တည်ဆောက်နိုင်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဇွန် ၂၇ ရက် မနေ့ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၁ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး လူမျိုးစုနိုင်ငံရေးအင်အားစု အချင်းချင်းအကြား ပိုမိုစုစည်းနိုင်တဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးပဋိညာဉ်လို သဘောထားပြီး ကြိုတင်ပြင်ဆင်ထားဖို့လည်း ပြောခဲ့ပါတယ်။

“ယနေ့အထိ လျှောက်လှမ်းလာတဲ့ ခုခံတော်လှန်စစ်ရဲ့ ရလဒ်အနေနဲ့ မိမိတို့မဟာမိတ်တွေရဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးအလုပ်တွေကို စတင်လုပ်ဆောင်လာနိုင်တာ တွေ့ရပါတယ်။ ဥပမာအားဖြင့် သိပ်မကြာခင်က ဖွဲ့စည်းနိုင်လိုက်တဲ့ ကရင်နီပြည်နယ်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ ကဲ့သို့သော အုပ်ချုပ်ရေးဖြစ်စဉ်တွေ ပေါ်ထွက်လာတာကို ရည်ညွှန်းချင်ပါတယ်။ ဒါဟာ တော်လှန်ရေးနဲ့ အုပ်ချုပ်ရေးကို တပါတည်း ပူးတွဲလုပ်ဆောင်နေတဲ့ အခြေအနေကို ရောက်လာပြီလို့ ပြောနိုင်တဲ့ အခြေအနေဖြစ်ကြောင်း သတိချပ်စေလိုပါတယ်။”

တော်လှန်ရေးကာလမှာလည်း လူမျိုးစုမဟာမိတ်ဆက်ဆံရေးကို ယုံကြည်မှုမြင့်မားအောင် တည်ဆောက်နိုင်ရမှာဖြစ်သလို တော်လှန်ရေးအလွန်ကာလမှာလည်း ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပဋိညာဉ်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အုတ်မြစ်တည်နိုင်မယ့် အနေအထား ရှိရမယ်လို့ ယူဆကြောင်းလည်း ယာယီသမ္မတက ဆိုပါတယ်။

ပြီးတော့ “လက်ရှိပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လက်ရှိ တည်ဆဲ တော်လှန်ရေးကာလအတွင်းမှာ ပေါ်ထွက်လာတဲ့ ကြားကာလအုပ်ချုပ်ရေး ကောင်စီတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ လိုပါတယ်။ မူကြမ်းကို ပြင်ဆင်တဲ့အခါမှာ လူမျိုးစုတွေရဲ့ လိုလားချက်တွေနဲ့ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံချက်ပေးနိုင်တဲ့ ခိုင်မာသော နိုင်ငံရေးပဋိညာဉ်ဖြစ်စေဖို့ ပြင်ဆင်ကြရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့သဘောဟာ အုပ်ချုပ်ရေးအလွှာ ကဏ္ဍအသီးသီးအကြား တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို စနစ်တကျ ခွဲဝေထားတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှုအရ စည်းနှောင်ထားတဲ့ လူမှုပဋိညာဉ်လည်း ဖြစ်ပါတယ်။ ဒီအခြေခံသဘောတရားကို မူတည်ပြီးတော့ တော်လှန်ရေးကာလမှာ ပြင်ဆင်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကနေ သွေဖည်မသွားဖို့ အထူးဂရုစိုက်သင့်ပြီး လက်တွေ့ကျတဲ့ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်နိုင်တဲ့ အခြေခံဥပဒေမျိုးဖြစ်ဖို့ အထူးလိုအပ်ကြောင်း၊ လက်ရှိ ပကတိအခြေအနေမှာ လူမျိုးစုနိုင်ငံရေးအင်အားစု အချင်းချင်းအကြား ပိုမိုစုစည်းနိုင်တဲ့ နိုင်ငံရေးပဋိညာဉ်လို သဘောထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုတင်ပြင်ဆင်ထားဖို့အတွက်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဒီကာလအတွင်း ပြည်တွင်းပြည်ပကနေ တော်လှန်ရေးအတွက် စိတ်အားတက်စရာ သတင်းကောင်းတွေ ကြားရပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အနေနဲ့ ပထမဆုံး အစည်းအဝေးကို ကျင်းပနိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အနေနဲ့လည်း ပထမဆုံး အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပြီး အတွင်းရေးမှူးအဖွဲ့ရဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကိုလည်း ပိုပြီး ထိထိရောက်ရောက်နဲ့ စီမံဆောင်ရွက်နိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒီကော်မရှင်ဟာ ဒီကာလအတွက်တော့ နိုင်ငံရေးအရ အမှားအယွင်းကင်းကင်းနဲ့ သွက်သွက်လက်လက် လုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ ကော်မရှင်တခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ ဒီအချိန်မှာ နည်းမျိုးစုံနဲ့ သွေးခွဲမှုတွေ၊ သတင်းအမှားများ ဖြန့်ချိတာတွေကို အထူးသတိထားပြီး ကျော်လွှားနိုင်ကြဖို့ အရေးအကြီးဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးကို မျက်နှာမူနေတဲ့ မဟာမိတ် အဖွဲ့အစည်းတွေ၊ လူတဦးတယောက်ချင်းစီပဲဖြစ်စေ စစ်မှန်တဲ့ တော်လှန်ရေးစိတ်ဓာတ်တွေနဲ့ အတူ လက်တွဲဆောင်ရွက်သွားဖို့ အမြဲအသင့်ရှိနေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013