
မြန်မာ့စီးပွားရေးဟာ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ တည်ငြိမ်နေခဲ့ပေမယ့် လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးနေဦးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန် လိုက်ပါတယ်။
ပဋိပက္ခ၊ ဓာတ်အားပြတ်တောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ၊ တင်းကျပ်ကန့်သတ်ထားတဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးမူဝါဒတွေ၊ အိမ်ထောင်စု ဝင်ငွေလျော့နည်းလာမှုတွေက မြန်မာ့စီးပွားရေး နာလန်ပြန်ထူဖို့ အဟန့်အတားဖြစ်စေတယ်လို့ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ဒါရိုက်တာ မာရီယန် ရှာမန်က“မြန်မာနိုင်ငံမှာ စီးပွားရေးကဏ္ဍ တိုးတက်မှုတွေ ရှိလာပြီဆိုပေမဲ့ တိုးတက်မှုဟာ မညီမျှပါဘူး။ ဆင်းရဲတဲ့လူတွေဟာ နောက်ဆက်တွဲ ဂယက်တွေကို ပိုပြီးခံစားရပါတယ်။ စိုးရိမ်စရာကောင်းတာက အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးမှာ ရရှိထားတဲ့ တိုးတက်မှုတွေဟာ ရပ်တန့်သွား၊ နောက်ဆုတ်သွားပါတယ်။ အိမ်ထောင်စုတွေရဲ့ ထက်ဝက်ကျော်ဟာ ပိုင်ဆိုင်တာတွေကို ရောင်းချရတာမျိုး လုပ်ရသလို ချေးငှားရတာလည်း မြင့်လာပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးအတွက် အပါအဝင် ငွေကြေးသုံးစွဲမှု လျှော့ချလာရပါတယ်။ ဒီလို လုပ်နေရတာတွေဟာ ရေတိုမှာ ဖူလုံမှုကို ထိခိုက်ရုံတင်မက ရေရှည်မှာလည်း ငွေရှာနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်” လို့ ပြောပါတယ်။
အိမ်ထောင်စု ဝင်ငွေလျော့နည်းမှုက စီးပွားရေးတိုးတက်မှုကို တွန်းအားပေးတဲ့ ပြည်တွင်းဝယ်လိုအားကို ကန့်သတ်သလို ဖြစ်နေပြီး၊ သွင်းကုန်တင်သွင်းမှု ကန့်သတ်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဈေးနှုန်းမြင့်မားမှုတွေ၊ ကုန်ပစ္စည်း ပြတ်လပ်မှုတွေကြောင့်လည်း စီးပွားရေးလုပ်ငန်း တော်တော်များများမှာ လိုအပ်သော သွင်းအားစုတွေ မသွင်းနိုင်ဘဲ အခက်အခဲစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ရှိနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ အားနည်းနေဆဲဖြစ်ကြောင်း၊ ပဋိပက္ခတွေက ကုန်ကျစရိတ် မြင့်မားစေပြီး လုပ်ငန်းလည်ပတ်နိုင်တဲ့ ဒေသတွေ လျော့ကျစေတာကြောင့် စိုက်ပျိုးရေးမဟုတ်တဲ့ အခြားကဏ္ဍတွေမှာ အမြတ်အစွန်းတွေ လျော့ကျနေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြပါတယ်။
နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ငွေလွှဲပို့ခြင်းတွေ အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ မူဝါဒအပြောင်းအလဲတွေကလည်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းအတွက် မရေရာမှုတွေ အခက်အခဲတွေ ဖြစ်စေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပြီး ပို့ကုန်လုပ်ငန်းရှင်တွေမှာလည်း ပြည်ပဝယ်လိုအား ကျဆင်းတာ၊ ဗဟိုဘဏ်က တရားဝင်ငွေလဲနှုန်း မတန်တဆ သတ်မှတ်ထားတာ၊ ပို့ကုန်ရငွေကို မြန်မာငွေ မဖြစ်မနေ လဲစေတာ၊ ပြည်ပက မှာယူတင်သွင်းရတဲ့ သွင်းအားစုတွေ ဈေးမြင့်ပြီး ဝယ်ယူမရဖြစ်တာ စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။
ဒ့ါအပြင် အလုပ်သမားဈေးကွက် အားနည်းနေပြီး အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အလုပ်အကိုင်ရရှိမှု လျော့ကျနေကြောင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျခြင်းနဲ့ အလုပ်အကိုင်ပေးနိုင်မှု လျော့ကျခြင်းကြောင့် လုပ်ခလစာအပေါ် ထိခိုက်မှုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ ၂၀၂၂ အကြား ၁၅ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ကမ္ဘာက ခန့်မှန်းပါတယ်။
ဒီအချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးက ဒေသတွင်း အခြားနိုင်ငံတွေနဲ့မတူဘဲ ကိုဗစ်ကာလမတိုင်မီကထက် များစွာနိမ့်ကျနေတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုထားပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ကလည်း ယခုနှစ်မှာ ၃ ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားပေမယ့် ၂၀၁၉ ခုနှစ်က GDP အောက် ၁၀ ရာခိုင်နှုန်း လျော့ကျနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။










