DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ဒေါ်လာ ၄၄၆ သန်းဖိုး မူးယစ်ဆေးဝါးများ မီးရှို့၊ တောင်ကြီးမြို့ ၌ အခမ်းအနားတက်သည့် ကျောင်းသားကျောင်းသူအချို့  မူးမေ့သတိလစ်
DVB
·
June 27, 2023
မြန်မာတွင် ဒေါ်လာ ၄၄၆ သန်းဖိုး မူးယစ်ဆေးဝါးများ မီးရှို့၊ တောင်ကြီးမြို့ ၌ အခမ်းအနားတက်သည့် ကျောင်းသားကျောင်းသူအချို့  မူးမေ့သတိလစ်
1 / 4
Donate to DVB

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၄၄၆ သန်းကျော် တန်ဖိုးရှိ ဖမ်းဆီးရမိတဲ့  မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ထုတ်လုပ်မှုမြင့်တက်လာတဲ့အပေါ်မှာတော့ တားဆီးနိုင်ခြင်း မရှိသေးဘူးလို့ စစ်ကောင်စီက ဝန်ခံပြောကြားပါတယ်။

ရန်ကုန်မြို့မှာ မနေ့ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ  လူတရပ်စာအမြင့်ရှိတဲ့ ဘိန်း၊ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ မက်သာဖက်တမင်း မူးယစ်ဆေးတွေကို  မီးရှို့ ဖျက်ဆီးခဲ့တာပါ။ 

စုစုပေါင်းအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၆ သန်းနဲ့ညီမျှတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်စီးမှုကို စစ်ကောင်စီ ဝါဒဖြန့် MRTV ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။

မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ မူးယစ်ဆေးဝါးတွေကို နှိမ်နှင်းခဲ့ပေမဲ့ လျှော့နည်းမသွားခဲ့ဖူးလို့  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  သဝဏ်လွှာမှာ ပြောထားပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က “မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းကို နိုင်ငံတော်အစိုးရအဆက်ဆက် အမျိုးသားရေးတာဝန် အဖြစ်သတ်မှတ်လို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေ၊ စိုက်ပျိုးသူတွေ၊  ထုတ်လုပ်သူတွေ၊ သယ်ဆောင်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ အများအပြားကို ဖော်ထုတ်ဖမ်းဆီးရမိအရေးယူနိုင်ခဲ့ပေမဲ့ မူးယစ်ဆေးဝါးတရားမဝင် သယ်ဆောင်ရောင်းဝယ်မှုတွေက လျော့နည်းသွားခြင်းမရှိကြောင်းကို လည်း တွေ့ရှိရတယ်”လို့ ပြောပါတယ်။

မြန်မာ၊ လာအိုနဲ့ ထိုင်း သုံးနိုင်ငံဆုံရပ် ရွှေတြိဂံနယ်စပ်ဒေသဟာ တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုအတွက် အချက်အချာကျတဲ့ နေရာတစ်ခုအဖြစ် ကာလရှည်ကြာ ရှိနေခဲ့တာပါ။

အထူးသဖြင့် အဲ့ဒီဒေသမှာ ဘိန်းနဲ့ စိတ်ကြွဆေးတို့ကို အဓိကထား ထုတ်လုပ်ပါတယ်။ ဒါ့အပြင် အိုက်စ်(ICE) လို့လူသိများတဲ့ စိတ်ကြွဆေးရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ပင်မအရင်းအမြစ်ဟာ မြန်မာနိုင်ငံက ရှမ်းပြည်နယ်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြည်သူရွေးကောက်ခံ အန်အယ်လ်ဒီအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီလိုအမြတ်အစွန်းများတဲ့ ကုန်သွယ်မှုကို အဆုံးသတ်ဖို့အတွက် အလေးထားမှာ မဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ရှုမြင်ကြ ပါတယ်။

လွတ်လပ်သော လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဒေးဗစ် မက်သီဆင်က "အမှန်တကယ်တော့ စစ်တပ်ဟာ မူးယစ်ဆေးကုန်သွယ်မှုအပေါ် လက်ဝါးကြီးအုပ်ထားသူတွေကို နှစ်ပေါင်းများစွာကြာအောင် အကြွင်းမဲ့ ကာကွယ်ပေးနေခဲ့တာ ဖြစ်တယ်" လို့ AFP သတင်းဌာနကို ပြောဆိုပါတယ်။ 

ကုလသမဂ္ဂအဖွဲ့ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ Crystal Meth ခေါ် အိုက်စ် စိတ်ကြွဆေးတွေကို စံချိန်တင် ဖမ်းဆီးရခဲ့ပြီးနောက် အခုလိုမီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ရပ်ကြောင့် အခြေအနေတွေ ကသောင်းကနင်း ဖြစ်နေချိန်မှာပဲ ဘိန်းခင်းစိုက်ပျိုးမှုတွေ တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စိတ်ကြွဆေးပေါင်း တန်ချိန် ၂၀ကျော်အထိ ဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီလ အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အရှေ့တောင်အာရှ ဒေသတဝန်းရှိ စိတ်ကြွဆေးတွေရဲ့ လက်ကားဈေးနှုန်းနဲ့ လမ်းပေါ်က ပေါက်ဈေးတွေမှာတော့ စံချိန်တင်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အင်အားအကောင်းဆုံးသော ဒေသတွင်း မူးယစ်ဆေးကုန်သွယ်မှု ကွန်ရက်တွေဟာ တိကျသေချာမှု မြင့်မားစွာနဲ့ လုပ်ငန်းလည်ပတ်နိုင်တာကြောင့် သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် လယ်သမားတွေအတွက် ဘိန်းပင်စိုက်ပျိုးဖို့ တွန်းအားပေးရာ ရောက်ခဲ့သလို ဘိန်းထုတ် လုပ်မှုကလည်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂရုံးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီ ဘိန်းစိုက်ခင်းတွေအတွက် မြေနေရာအသုံးပြုမှုဟာ ဧရိယာဟက်တာပေါင်း ၄၀၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်ပြီး ဒါဟာ နယူးယောက်မြို့ရဲ့ တစ်ဝက်ကျော် အရွယ်အစားဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ စိတ်ကြွဆေးအများစု ပါဝင်တဲ့ တရားမဝင် မူးယစ်ဆေးဝါးပေါင်း ၃၂ တန်ကို ဖျက်ဆီးပစ်ခဲ့တဲ့ အပြင် ကာလတန်ကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀၇ သန်း ဝန်းကျင်အထိ ရှိတယ်လို့ အာဏာပိုင်တွေ က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တောင်ကြီး၊ ရန်ကုန်နဲ့ မန္တလေးမြို့ တို့မှာ မနေ့က ကျင်းပခဲ့ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။

တောင်ကြီးမြို့ မီးရှို့ဖျက်ဆီးပွဲမှာတော့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိတဲ့ ဘိန်း ၄၇၅.၈၈၅ ကီလိုကျော်၊ ဘိန်းဖြူ ၅၆၂.၈၀၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ သန်းကျော်၊ အိုက်စ် ၄၇၉၃.၃၀၈ ကီလိုကျော်၊ ကက်တမင်း ၈၀၅.၃၅၉ ကီလိုကျော်၊ ဆေးခြောက် ၁၈၀.၈၇၆ ကီလိုကျော်၊ ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၅၂ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၃၅၅.၂၆၈ ဘီလီ ယံကျော်(အမေရိကန်ဒေါ်လာ ၁၆၉.၁၇၅ သန်း)အား ဖျက်ဆီးခဲ့ပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်အနောက်ပိုင်း ဒဂုံဧရာကုန်တင်ယာဉ် ရပ်နားကွင်းမှာ ကျင်းပတဲ့   ဖမ်းမိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲမှာတော့  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိတဲ့ ဘိန်း ၁၇၆.၂၃၂ ကီလိုကျော်၊ ဘိန်းဖြူ ၉၂.၅၂၁ ကီလို ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ သန်းကျော်၊ အိုက်စ် ၁၂၇၄၈.၃၀၅ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ကက်တမင်း ၄၁၆၃.၁၃၂ ကီလိုကျော်၊ ဆေးခြောက် ၃၈၅.၈၇၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၁၆ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၃၆.၄၅၆ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၀၇.၈၃၆၄ သန်းကျော်) အား ဖျက်ဆီးခဲ့ပါတယ်။

မန္တလေးမှတော့  မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေ၊ အလယ်ပိုင်းဒေသတွေက  ဖမ်းဆီးရမိတဲ့ ဘိန်း ၄၇၈.၀၃၁ ကီလိုကျော်၊ ဘိန်းဖြူ ၆၁၀.၄၄၅ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်းကျော်၊ အိုက်စ် ၃၅၂၇.၇၅၄ ကီလိုကျော်၊ ကက်တမင်း ၂၂.၆၇၃ ကီလိုကျော်၊ ဆေးခြောက် ၂၇၄.၇၈၇ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၉ မျိုးနှင့် ဓာတုပစ္စည်း ၁၅ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၄၄.၉၉၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၉.၀၄၆၇ သန်း) အား ဖျက်ဆီးခဲ့ပါတယ်။

တောင်ကြီး မန္တလေးနဲ့  ရန်ကုန်မြို့ သုံးနေရာပေါင်းရင်တော့ ဘိန်း ၁၁၃၀.၁၄၉ ကီလိုကျော်၊ ဘိန်းဖြူ ၁၂၆၅.၇၇၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ သန်းကျော်၊ အိုက်စ် ၂၁၀၆၉.၃၆၇ ကီလိုကျော်၊ ဘိန်းစာမှုန့် ၇၂၈.၈၃၈ ကီလိုကျော်၊ ဆေးခြောက် ၈၄၁.၅၄၁ ကီလိုကျော်၊ ကက်တမင်း ၄၉၉၁.၁၆၅ ကီလိုကျော်နဲ့ ဘိန်းညိုမှုန့် ၃၀၇.၃၁၅ ကီလိုကျော်အပါအဝင် မူးယစ် ဆေးဝါးနဲ့ ဓာတုပစ္စည်း ၁၀၈ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၉၃၆.၇၂၃ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၄၄၆.၀၅၈ သန်း) ဖိုး ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းမှာ ဇွန် ၂၆ ရက်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတချို့ မူးမေ့၊ သတိလစ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ တောင်ကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ မူးမေ့၊ သတိလစ် လူနာတွေကို တောင်ကြီးခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ကြက်ခြေနီ စေတနာလုပ်အားရှင်တွေနဲ့ ရပ်စောက်မြို့နယ် ကြက်ခြေနီ စေတနာလုပ်အားရှင်တွေက ရှေးဦးပြုစုပေးပြီး ကျန်းမာရေးအဖွဲ့နဲ့ ကူညီဆောင်ရွက်ပေးကာ ဆေးရုံပို့ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို လေ့လာရေးအနေနဲ့ ၇ တန်းနဲ့ ၈ တန်း ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013