Home
မြန်မာသတင်း
ဖမ်းဆီးခံ ဟိုစိမ့် (မြန်မာ) အလုပ်သမားများကို ပုဒ်မ ၂ ခုဖြင့် တရားစွဲမည်
DVB
·
June 26, 2023

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Hosheng Myanmar (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကို ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးမှာ ရက်အတော်ကြာ စစ်ဆေးခဲ့ပါတယ်။

အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄,၈၀၀ ကနေ ၅,၆၀၀ ကျပ်အထိ တိုးပေးဖို့ ဦးဆောင် တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၇ ယောက်မှာ ၅ ယောက်အထိ ဖမ်းဆီးခံထားရပြီး ကျန် ၂ ဦးကတော့ တိမ်းရှောင်နေရပါတယ်။ ဒါ့အပြင် ဟိုစိမ့်(မြန်မာ) အလုပ်သမားအရေး ကူညီပေးနေသူနှစ်ဦးနဲ့ အလုပ်သမားတွေ အစည်းအဝေးလုပ်တဲ့နေရာကို ငှားရမ်းပေးခဲ့တဲ့ ပိုင်ရှင်လည်း အဖမ်းခံထားရတယ်လို့ သိရပါတယ်။

ဟိုစိမ့် (မြန်မာ) အလုပ်သမားအရေး ကူညီပေးနေသူ ကိုသူရိန်အောင်က “ပုဒ်မကတော့ ဘယ်သူ့ကို ဘယ်ပုဒ်မတပ်မယ်ဆိုတာ တိတိကျကျ မထွက်သေးဘူး။ ဒါပေမဲ့ စစ်ကြောရေးဘက်က ပေးလာတဲ့ ပုဒ်မ ၂ ခုရှိတယ်လို့ သိရတယ်။ ၅၀၅(က) နဲ့ ၁၇(၁) ပုဒ်မ နှစ်ခု အကြံပြုထားတယ်။ ဒီနေ့ကတော့ ရုံးမထုတ်ဘူး။ ရမန်တော့ ယူထားတယ်။ နောက်ရက် ရုံးချိန်းကို ၇ ရက်နေ့ ချိန်းထားတယ်လို့ သိရတယ်။ အရပ်ဘက်ရုံးနဲ့ စစ်မယ်လို့လည်း ပြောတယ်။ ပုံမှန်ဆို စစ်အုပ်ချုပ်ရေးနယ်မြေဆို စစ်ခုံရုံးနဲ့ပဲ စစ်ရမယ့်နေရာ၊ အမှုအမျိုးအစားကလည်း စစ်ခုံရုံးနဲ့ပဲ စစ်ရမယ့် အမျိုးအစားပဲ။ ဒါပေမဲ့ အခုတော့ အရပ်ဘက်ရုံးနဲ့ စစ်မယ်လို့တော့ ရဲစခန်းဘက်ကနေ သိရတယ်။ မိသားစုဝင်တွေနဲ့ တိုက်ရိုက် စကားပြောခွင့် မရသေးဘူး။ အစားအသောက်တွေ၊ အဝတ်အစားတွေ ပေးမယ်ဆို ပေးလို့ရတယ်လို့ ခွင့်ပြုထားတာရှိတယ်။ လက်ရှိမှာတော့ အချုပ်ထဲမှာရောက်နေတဲ့ အလုပ်သမားတွေကို သူတို့ရဲ့ရပိုင်ခွင့်တွေ အရင်ရအောင် လုပ်ရမှာပေါ့။ ကျန်တဲ့ကိစ္စတွေကတော့ အဲ့အပေါ်မူတည်ပြီး ဆက်လုပ်ရမှာပေ့ါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဟိုစိမ့် (မြန်မာ) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၇ ယောက်ကို စက်ရုံအတွင်း ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုနဲ့ ဇွန် ၁၀ ရက်က အလုပ်ထုတ်ခံခဲ့ရတာပါ။

အလုပ်သမားခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်ပစ်တာကြောင့် အလုပ်သမား ၆၀၀ ကျော် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန် ၁၄ ရက်မှာ စက်ရုံကို ရောက်ရှိကာ အလုပ်သမားတွေကို ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။

အခုလိုမျိုး အလုပ်သမားတွေနဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေကို ကန့်ကွက်ရှုတ်ချကြောင်း၊ အမှန်တရားပေါ်ဖို့ ဖော်ထုတ်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌက ပြောပါတယ်။

FGWM ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က “စက်ရုံထဲကို စစ်ကောင်စီက ဝင်ရောက်ပြီးတော့ အလုပ်သမားတွေကို ခြိမ်းခြောက်ပြောဆိုတယ်။ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတယ်။ ဒါကို ကျမတို့အဖွဲ့ချုပ်အနေနဲ့ ဒီလုပ်ရပ်ကို လုံးဝလက်မခံဘူး၊ ကန့်ကွက်ရှုတ်ချတယ်။ အလုပ်သမားတွေကို မတရား ဖမ်းဆီးတာ၊ ဖိနှိပ်ချုပ်ချယ်တာတွေကိုလည်း ဒီမတရားမှုတွေကို ကျမတို့အဖွဲ့ချုပ်အနေနဲ့ အမှန်တရားပေါ်ဖို့ ဖော်ထုတ်သွားမှာ ဖြစ်တယ်။ အနိမ့်ဆုံးလုပ်ခလစာလည်း မပြောင်းလဲခဲ့တာ ၅ နှစ်နီးပါးရှိပြီ။ ပြောင်းလဲခဲ့တဲ့ ကုန်ဈေးနှုန်းနဲ့ ခေတ်ကာလကြည့်ရင်လည်း အခုခေတ်ကာလ ကုန်ဈေးနှုန်းက ၅ ဆလောက် ကွာဟနေတာပေါ့။ အခု အလုပ်သမားတွေ တောင်းနေတဲ့ နှုန်းထားကလည်း လောက်ငတဲ့နှုန်းထား မဟုတ်ဘူး။ အများဆုံး ပေးမယ်ဆိုရင်တောင် သူတို့ရရှိမယ့် ပမာဏက တနေ့ ၈၀၀ နှုန်းပဲ ရှိမှာပေါ့။ အဲ့ဒါက လောက်ငမှုမရှိဘူး၊ ဖူလုံမှု မရှိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်ကလည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က Sun Apparel (Myanmar) အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်နှစ်ယောက် ဖမ်းဆီးခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားတွေ လုပ်ခလစာ အပြည့်မရတာ၊ အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ အဆိုးဆုံးကြုံနေရပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ရာနဲ့ချီ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024