Home
မြန်မာသတင်း
စစ်အာဏာရှင်ကို အန်တုခဲ့သူ ဆလိုင်းတင်မောင်ဦး၏ သတ္တိသွေးကို အတုယူကြရန် NUG ယာယီ သမ္မတ ပြော
DVB
·
June 26, 2023

အသက်နဲ့ ခန္ဓာကို ပဓာနမထားဘဲ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် အန်တုသွားတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ သတ္တိသွေးကို တော်လှန်သော သွေးသားတွေအဖြစ် အတုယူကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဇွန် ၂၆ ရက် ဒီကနေ့ကျရောက်တဲ့ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက်  အထိမ်းအမှတ်နေ့ အခမ်းအနား မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့အချိန်မှာ သူ့အသက်က ၂၅ နှစ်ပဲ ရှိသေးတာ တွေ့ရပါတယ်။ အင်မတန် ငယ်ရွယ် နုပျိုသေးတဲ့ အချိန်မှာ လမ်းစဉ်ပါတီ အစိုးရလက်အောက်က စစ်ခုံရုံးမှာ အပြင်းထန်ဆုံး အန်တုသွားတဲ့ စိတ်အားသတ္တိဟာ အရွယ်နဲ့မမျှအောင် ကြီးမားခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးဟာ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဆလိုင်းတင်မောင်ဦးရဲ့ လုပ်ရပ်နဲ့ သတ္တိဟာ လမ်းစဉ်ပါတီခေတ် စစ်အစိုးရလက်အောက်က ကျောင်း သားတော်လှန်ရေးရဲ့ ပြယုဂ်အဖြစ် ထင်ထင်ရှားရှား ကိုယ်စားပြုခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ ပြည်သူလူထုဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်ကပေးတဲ့ စိတ်၏ သောက ကိုယ်၏ ဒုက္ခကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရပါတယ်။ အခုလည်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ကျနော်တို့ အားလုံး ခုခံတော်လှန်နေကြရပါတယ်။ စစ်အာဏာရှင်ယန္တရားရဲ့ ဖိနှိပ်ညှဉ်းဆဲခြင်း လုပ်ရပ်အောက်မှာ နောက်တွန့်မသွားဘဲ တော်လှန်သွားတဲ့ သတ္တိသွေးဟာ ဘယ်လောက် နီသလဲ ဘယ်လောက်ရဲသလဲဆိုတာကို ဆလိုင်းတင်မောင်ဦးက သက်သေခံနေပါတယ်။ ဆလိုင်းတင်မောင်ဦးရဲ့ လုပ်ရပ်က ကျနော်တို့မှာ စစ်အာဏာရှင်တော်လှန်ရေးမှာ တွန့်ဆုတ်သွားမယ့်စိတ် လုံးဝ ပေါ်မလာအောင် သတိပေး နှိုးဆော်နေတယ်လို့ ပြောချင်ပါတယ်။”

ဒီကနေ့ အခမ်းအနားမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးရဲ့ သင်္ကေတ၊ သူရဲကောင်းတစ်ဦးရဲ့ ပြယုဂ်အဖြစ် ဆလိုင်းတင်မောင်ဦးရဲ့ ရဲဝံ့ပြီး ပြင်းထန်တဲ့ စိတ်ဓာတ် သတ္တိကို ပြန်လည် အောက်မေ့ရတဲ့ အခမ်းအနားဖြစ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို အသက်ပေးပြီး ဖြိုဖျက် အန်တုသွားတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ရဲရင့်မှုဟာ အခု နှစ်ပေါင်း ၅၀ နီးပါး ရှိလာခဲ့ပေမယ့် မေ့ပစ်လို့ မရသေးဘူးဆိုတာ အလွန် ထင်ရှားနေတယ်လို့လည်း NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“သူဟာ ကျဆုံးသည်အထိ သူ့ရဲ့ သတ္တိ ဗျတ္တိကို မစွန့်လွှတ်ခဲ့ပါဘူး။ ဒါ့အပြင် ကြိုးတိုက်ထဲမှာတောင် တော်လှန်သောမာန်ကို ချိုးနှိမ်ခဲ့သူ မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် သူ့မှာ ကိုယ်တွင်း သတ္တိတွေ အပြင်းအထန် ဆူပွက်ခဲ့သူ တယောက်ဖြစ်တယ်လို့ ကျနော် ခံစားမိပါတယ်။ ဆလိုင်းတင်မောင်ဦးလို့ ပြောရင် ကျနော်တို့ဟာ သူရဲ့ တော်လှန်သတ္တိကို အထူးပြု ပြောရပါလိမ့်မယ်။ ဒါ့အပြင် ဒါတွေဟာ ကျနော်တို့အတွက် အောက်မေ့စရာ သက်သက်မျှသာ မဟုတ်ပါဘူး။ လေးစား အတုယူဖွယ် စိတ်အားသတ္တိတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။”

ဒါ့အပြင် ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် သူ့ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကတော့ မသေဆုံးသေးဘူးလို့လည်း မိန့်ခွန်းထဲမှာ ဖော်ပြပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ စစ်အာဏာရှင်တွေဟာ ပြည်သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ဖို့ကြိုးစားလေ့ရှိပြီး ပြည်သူတွေရဲ့ စိတ် ထဲကို အကြောက်တရားတွေသွတ်သွင်းပြီး တရားမျှတမှုနဲ့လွတ်မြောက်မှုအစား စစ်ဖိနပ် အောက်မှာ ဒူးထောက်ကျိုးနွံသွားဖို့၊ လူ့အခွင့်အရေးနဲ့ ခွင့်တူညီမျှခြင်းတွေအစား တကိုယ်ရေအဆင်ပြေမှုနဲ့ မတရားမှုတွေကို လျစ်လျူရှုတတ်တဲ့ ရပ်တည်ချက်တွေရှိလာအောင် တွန်းပို့ဖန်တီးပေးလေ့ ရှိတယ်လို့ ပြောပါတယ်။

“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြောက်တရားကနေ လွတ်မြောက်ခြင်းဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အကြောက်တရားကနေ မလွတ်မြောက်ရင် စစ်မှန်တဲ့ လွတ်မြောက်မှုကို မရရှိနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့ နည်းမျိုးစုံနဲ့ ရိုက်ချိုး ထုထောင်းမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်အန်တုရင်း စစ်ဖိနပ်အောက်ကို ယနေ့ထိ ဒူးမထောက် အရှုံးမပေးဘဲ ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ “စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဆိုပြီး သူ့ကို ကြိုးပေး သတ်ဖြတ်ဖို့ပြင်ဆင်နေတဲ့ စစ်အာဏာရှင် လက်ပါးစေတွေကို ပြောဆိုခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်မှုကို ဆလိုင်းတင်မောင်ဦးက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တာ ဖြစ်ပါတယ်။ “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကို သတ်လို့ရချင်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ချက်နဲ့ ခံယူချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ မရနိုင်ဘူး” ဆိုတဲ့စကားဟာ ဆလိုင်းတင်မောင်ဦးရဲ့ ထင်ရှားတဲ့ စကားဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ အကြောက်တရား သွတ်သွင်းမှုကို ဆလိုင်းတင်မောင်ဦး အနေနဲ့ နောက်ဆုံးထွက်သက်အထိ ငြင်းဆန်အန်တုခဲ့တာ ဖြစ်ပါတယ်။”

ဒီကနေ့မှာ မြန်မာ့နွေဦးတော်လှန်ရေး အစကတည်းက တူးမီးသေနတ်တွေနဲ့ ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တဲ့ ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် နိုင်ငံတဝန်း တော်လှန်ရေး တပ်စုတပ်ဖွဲ့တွေ အသီးသီးက ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားတွေ ဂုဏ်ပြုကျင်းပပါတယ်။

စစ်အာဏာရှင်ရဲ့ ပထမဆုံး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း ၄၇ နှစ်မြောက် အခမ်းအနားကို အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီကလည်း ပြုလုပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024